ကမ္ဘာ့ရေနံစျေးသည် တစ်စည် ၂၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်နေပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ သုံးလကျော် (ဇန်နဝါရီ ၈ ရက်မှ မတ် ၁၇ ရက်အထိ) အတွင်း တစ်လီတာ ၃၃၅ ကျပ်မှ ၃၇၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၇ ရက်တွင် ၂၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
မတ် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၆၁၀ ကျပ် (တစ်ဂါလန် ၂၇၇၃ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၂၀ ကျပ် (တစ်ဂါလန် ၂၈၁၈ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၅၄၀ ကျပ် (တစ်ဂါလန် ၂၄၅၄ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၆၀ ကျပ် (တစ်ဂါလန် ၃၀၀၀ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒီဇယ် ၃၇၅ ကျပ် (၃၈ ဒသမ ၀၇ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ၃၇၅ ကျပ် (၃၇ ဒသမ ၆၈ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၃၆၅ ကျပ် (၄၀ ဒသမ ၃၃ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ၃၃၅ ကျပ် (၃၃ ဒသမ ၆၆ ရာခိုင်နှုန်း) အထိ ပြန်လည်ကျဆင်းခဲ့သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မတ် ၁၇ ရက်အတွင်း တစ်လီတာ ၃၃၅ ကျပ်မှ ၃၇၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။










