တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းပြီး ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်

တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းပြီး ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်
  ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် အာရှရန်ကုန်ဘဏ်၏ရုံးချုပ်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် အာရှရန်ကုန်ဘဏ်၏ရုံးချုပ်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 17 March 2020
စည်သူအောင်

တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် အာရှရန်ကုန်ဘဏ်လီမိတက် Asis Yangon Bank Limited ၏ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းခဲ့ပြီး ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀၊ ပုဒ်မ ခွဲ (စ) ပါ ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်အရ ယင်းဥပဒေ ပုဒ်မ ၆၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ငွေရေးကြေးရေးအဖွဲ့အစည်းများအား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းခိုင်မာကောင်းမွန်စေရန် ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာရှရန်ကုန်ဘဏ်လီမိတတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက် ညနေပိုင်း မှစ၍ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်ညနေပိုင်းမှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အာရှရန်ကုန်ဘဏ်လီမိတက်အား အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်မည်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် သက်ဆိုင်ရာမြို့များရှိ အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်ခွဲများ၌ ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ယူလိုပါက ထုတ်ယူနိုင်ရန် စီစဉ်ထားရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ အသင်းဝင်ဘဏ်များ၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အပ်ငွေစာရင်းအရ အာရှရန်ကုန်ဘဏ်လီမိတက်တွင် ငွေအပ်နှံသူ ၁၁၃ ဦးရှိပြီး အပ်ငွေကျပ် သုည ဒသမ ၆၂ ဘီလျံ (သန်း ၆၂၀ ဝန်းကျင်) ရှိကြောင်း သိရသည်။

အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ် မတ် ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၆ နှစ်အကြာတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခံခဲ့ခြင်းဖြစ်သည်။ အာရှရန်ကုန်ဘဏ်၏ ရုံးချုပ်ကို အမှတ် ၃၁၉/ ၃၂၁၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး ရုံးချုပ်အပါအဝင် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲ ၁၀ ဘဏ် ဖွင့်လှစ်ထားသည်။ ဖွင့်လှစ်ထားသော ဘဏ်ခွဲများမှာ လယ်ဝေးဘဏ်ခွဲ၊ ဘုရင့်နောင်ဘဏ်ခွဲ (ရန်ကုန်)၊ မန္တလေးဘဏ်ခွဲ (ချမ်းအေးသာဇံ)၊ တောင်ငူဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ မကွေးဘဏ်ခွဲ၊ ပုသိမ်ဘဏ်ခွဲ၊ ပြည်ဘဏ်ခွဲနှင့် မင်းဘူးဘဏ်ခွဲတို့ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲများဖွင့် လှစ်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent