လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၃ သန်းနီးပါးတင်ပို့မှ ဝင်ငွေဒေါ်လာသန်း ၃၇၀ ကျော်ရရှိကာ တရုတ်နိုင်ငံသို့ ဆန်အများဆုံးတင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၉၈ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၃၇၃ ဒသမ ၃၅၄ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ဆန်တန်ချိန် ၈၉၈,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၂၇၀ နီးပါး ရရှိထားသည်။ ယင်းအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၀,၀၀၀ ကျော်တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ ၉၇ သန်းကျော် ရရှိထားသည်။ စုစုပေါင်းဆန်တင်ပို့မှု၏ ၃၆ ရာခိုင်နှုန်းကျော် ရှိကာ အများဆုံးတင်ပို့ထားခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲတန်ချိန် လေးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၁၀၀ ကျော် ရရှိထားသည်။ ယင်းအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၃,၀၀၀ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၂၃ သန်းကျော် ရရှိထားသည်။ စုစုပေါင်း ဆန်ကွဲတင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံး တင်ပို့ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူ၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၇၈,၀၀၀ ခန့် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါး ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။ ပင်လယ်ရေကြောင်း တင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၁၂၀ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၃၂၀ ကျော် ရရှိထားသည်။ စုစုပေါင်း တင်ပို့မှု၏ ၈၆ ရာခိုင်နှုန်းကျော်ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်း ရရှိိထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။










