ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပွဲကျန် ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပွဲကျန် ပွဲပြီးသုံးသပ်ချက်
Published 20 August 2019

ဝုလ်ဗ် ၁-၁ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဝုလ်ဗ်နဲ့ မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ တစ်ဖက်တစ်ဂိုးနဲ့ တစ်မှတ်စီခွဲယူခဲ့ကြရပါတယ်။ မန်ယူအသင်း က ဦးဆောင်ဂိုးသွင်းယူနိုင်တဲ့အပြင် ပိုကောင်းတဲ့ တိုက်စစ်အခွင့်အရေးတွေလည်း ရရှိခဲ့ပေမယ့် လိုအပ်ချက်တချို့ရှိ နေခဲ့တာကြောင့် နိုင်ပွဲနဲ့ဝေးခဲ့ရတာပါ။ မန်ယူနည်းပြ ဆိုးလ်ရှားက ဒန်နီယဲလ် ဂျိမ်းစ်၊ တွမ်မီနေးတို့လို လူငယ်တွေနဲ့ ပေါ့ဘာ၊ မက်ဂွိုင်းရားတို့ကို တွဲဖက်ပွဲထုတ်ခဲ့ပြီး လူငယ်တွေရဲ့ခြေစွမ်းက ဒီပွဲမှာတော့ သိပ်အဆင်မပြေခဲ့ပါဘူး။ လင်ဂတ်လည်း ဒီပွဲမှာ အမှားများခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်အတွဲဖြစ်တဲ့ မာစီယဲလ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ကတော့ အားကိုးလောက်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကလည်း သူတို့နှစ်ဦးရဲ့ အတွဲအဖက်ကနေရရှိခဲ့တာပါ။ ပထမပိုင်းပွဲချိန်(၂၇)မိနစ်မှာ ရပ်ရှ်ဖို့ဒ် ဖန်တီးပေးတာကနေ မာစီယဲလ်က ကန်သွင်းယူပြီး မန်ယူအသင်း ဦးဆောင်ခဲ့ပါတယ်။ ဝုလ်ဗ်အသင်းက မန်ယူအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးသွင်းခွင့်တောင် မရသလောက်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ မာစီယဲလ် အပိုင်အခွင့်အရေးရတာကို အသုံးမချနိုင်ခဲ့တာကြောင့်လည်း အခြေအနေက တစ်မျိုးပြောင်းသွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဝုလ်ဗ်အသင်းရဲ့ကစားပုံက ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပြီး ပွဲစတာနဲ့ မန်ယူအသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။  (၅၄)မိနစ်မှာ မော်တင်ဟို ကန်တင်ပေးတဲ့ ပြစ်ဒဏ်ဘောကို ဟီမင်နက်ဇ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်သွားတာကြောင့် ဝုလ်ဗ်အသင်း နစ်နာခဲ့ပေမယ့် (၅၅)မိနစ်မှာတော့ မော်တင်ဟိုရဲ့ပေးပို့မှုကနေပဲ ရူဘင်နေးဗတ်စ်က ချေပဂိုး ကန်သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း အနိုင်ဂိုးရဖို့ ပိုအားထည့်ကစားလာခဲ့ပြီး (၆၈)မိနစ်မှာ ပေါ့ဘာကြောင့် ပယ်နယ်တီရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို ပေါ့ဘာ ကိုယ်တိုင် ကန်သွင်းရာမှာတော့ ဝုလ်ဗ်ဂိုးသမား ပတ်ထရီစီယိုက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Most Read

Most Recent