ယခုလအတွင်း အသင်းမှ ဇာဟာ ထွက်ဖွယ်ရှိကြောင်း ရွိုင်းဟော့ဒ်ဆန် ဝန်ခံ

ယခုလအတွင်း အသင်းမှ ဇာဟာ ထွက်ဖွယ်ရှိကြောင်း ရွိုင်းဟော့ဒ်ဆန် ဝန်ခံ
Published 19 August 2019

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က အိုင်ဗရီကို့စ်တောင်ပံကစားသ မား ဇာဟာအနေဖြင့် ယခုသြဂုတ်လအတွင်း အသင်းမှ ထွက်ဖွယ်ရှိသည်ဟု ဝန်ခံပြောကြားခဲ့သည်။

ဇာဟာသည် ပရီးမီးယားလိဂ် ရာသီသစ်မစတင်မီ အာဆင်နယ်နှင့် အဲဗာတန်အသင်းများသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့၍ ခရစ္စတယ်ပဲလေ့စ်အသင်းတွင် ဆက်ရှိနေသူဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ကစားသမားသစ်ခေါ်ယူခွင့်မှာ သြဂုတ်(၈)ရက်နေ့က ပိတ်သိမ်းသွားပြီ ဖြစ်သော်လည်း အခြားဥရောပလိဂ်ပြိုင်ပွဲအတော်များများအနေဖြင့် စက်တင်ဘာ(၂)ရက်နေ့အထိ ကစားသမားသစ်ခေါ်ယူခွင့်ရှိနေ၍ ၎င်းအနေဖြင့် ပြည်ပကလပ်အသင်းတစ်သင်းသင်းသို့ ပြောင်းဖွယ်ရှိကြောင်း ရွိုင်းဟော့ဒ်ဆန်က ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းနှင့် နာပိုလီအသင်းများကလည်း ဇာဟာကိုခေါ်ယူသွားရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

သို့သော် ယင်းအသင်းများမှာ ပဲလေ့စ်အသင်း အလိုရှိနေသည့် ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀)ပမာဏကို ပေးချေနိုင်ဖွယ်မရှိကြောင်း သိရသည်။

Most Read

Most Recent