မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်ကော်မတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်ကော်မတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့ တွေ့ဆုံဆွေးနွေးနေစဉ်
အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့ တွေ့ဆုံဆွေးနွေးနေစဉ်
Published 6 August 2019
ဉာဏ်လင်းထွန်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းပြီး အရပ်ဘက် အဖွဲ့အစည်း ၂၄ ခုဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က နေပြည်တော်တွင် လွှတ်တော်ကော်မတီများနှင့် သြဂုတ် ၅ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးရာတွင် ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။ 

အဖွဲ့ဝင် ၁၀ ဦးပါ လက်ရှိ မြန််မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသည် လာမည့် စက်တင်ဘာ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ပြန်လည်ဖွဲ့စည်းမည့် ကော်မရှင်အနေဖြင့် ပါရီ အခြေခံမူများနှင့်အညီ လွတ်လပ် အမှီအခိုကင်းပြီး လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန် လိုအပ်မည်ဟု အရပ်ဘက်အဖွဲ့အစည်းများက အကြံပြုသည်။

“အသစ်ပြန်ဖွဲ့စည်းရတော့မယ့်အချိန်မှာ လူတင်ပြောင်းတာ မဟုတ်ဘဲနဲ့ မူပါပြောင်းနိုင်ဖို့အတွက် ကျွန်တော်တို့ လာဆွေးနွေးတာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

အရပ်ဘက်အဖွဲ့များ ထုတ်ပြန်သည့် ဥပဒေပြင်ဆင်ရေး အကြံပြုစာတမ်းတွင် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့၌ အရပ်ဘက်မှ လွတ်လပ်သော ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး၊ ကော်မရှင်တွင် လူငယ်ပါဝင်မှုအပေါ် ကန့်သတ်တားဆီးသည့် အသက်ကန့်သတ်ချက်အား ပယ်ဖျက်ရေး၊ ကော်မရှင်၏ လုပ်ငန်းပိုင်း လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်အာဏာ၊ ကော်မရှင်အတွက် သီးသန့်ဘတ်ဂျက် ထားရှိရေးတို့ အပါအဝင် အပိုင်း ရှစ်ပိုင်းပါရှိသည်။

ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တို့ ပါ ဝင်နေခြင်းကို ပြင်ဆင်ရန် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းထားပြီး ပြည်ထောင်စုတရားသူကြီးချုပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် စသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များလည်း စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည်။

အရပ်ဘက် အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြင်ဆင် ပြောင်းလဲရေး အကြံပြုချက်များကို ဥပဒေပြင်ဆင် ရေးဆွဲရာတွင် ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် ဆွေးနွေးဖြစ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ထောက်ပြဝေမှုများ ရှိနေ၍ ကော်မရှင် ဥပဒေပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံတကာ ဥပဒေပညာရှင်နှစ်ဦး အပါအဝင် ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မေလအတွင်း တွေ့ဆုံပြီး အကြံပြုချက်များ ရယူခဲ့ကာ ရရှိလာသည့် အကြံပြုချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအရ အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် ကော်မရှင် အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့က ကိုယ်စားလှယ်လောင်း ၃၀ ဦးကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတထံ အမည်စာရင်း တင်သွင်းကာ သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး အဖွဲ့ဝင်အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၅ ဦး အထိ ဖွဲ့စည်းပေးခွင့် ရှိသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအရ ကော်မရှင်ဥက္ကဋ္ဌမှာ ပြည်ထောင်စုဝန်ကြီး အဆင့်ဖြစ်ပြီး၊ အဖွဲ့ဝင်များမှာ ဒုတိယဝန်ကြီးအဆင့် ဖြစ်သည်။

 

Most Read

Most Recent