ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သော ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြုံပြုချက်ပေါင်း ၃၇၀၀ ကျော်ကို ကြည့်ပါက မည်မျှ အန္တရာယ်ရှိလာသည်ကို မြင်ရမည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သော ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြုံပြုချက်ပေါင်း ၃၇၀၀ ကျော်ကို ကြည့်ပါက မည်မျှ အန္တရာယ်ရှိလာသည်ကို မြင်ရမည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 17 July 2019
စိုးမင်းထိုက်၊ စည်သူ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သော ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြုံပြုချက်ပေါင်း ၃၇၀၀ ကျော်ကို ကြည့်ပါက မည်မျှ အန္တရာယ်ရှိလာသည်ကို မြင်ရမည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

နေပြည်တော်၌ ဇူလိုင် ၁၇ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး အပြီးတွင် မီဒီယာများအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အစည်းအဝေးမှာလည်း သဘောထားမှတ်ချက် မပေးခဲ့ဘူး။ လက်ရှိလည်း ဆွေးနွေးဖို့ပြုဖို့ ကျွန်တော်တို့အနေနဲ့ မဆုံးဖြတ်ရသေးဘူး။ ကျွန်တော်တို့ကတော့ အစထဲက ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ့။ ဥပဒေနဲ့မညီဘူး လုပ်ဆောင်ချက်တွေက မညီတဲ့အတွက် သီးခြားပြောစရာတော့ မရှိဘူး။ ဒါပေမဲ့လည်း အဲဒီမှာ ဖွင့်ပေးလိုက်တဲ့အခါမှာ အားလုံး မြင်တဲ့အတိုင်းပဲ အကုန်လုံး ၃၇၆၅ ချက်ပေါ့၊ နည်းတဲ့အချက်တွေ မဟုတ်ဘူး။ ဒါတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လောက် အန္တရာယ်ရှိလာလဲ မြင်ရမှာပေါ့”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်ခဲ့သော်လည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြခဲ့ခြင်း မရှိဘဲ သဘောထားမှတ်ချက် သုံးချက်သာ ပေးခဲ့သည်။

ယင်းသဘောထားများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ နှင့် ကိုက်ညီခြင်း မရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာသောအားဖြင့် ပါဝင် တက်ရောက်ခဲ့ကြောင်းနှင့် ထိုသို့ တက်ရောက်စဉ်တွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်း စသည့်အချက်တို့ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေခြင်းသည် နိုင်ငံရေး လူတစ်စုသာဖြစ်ပြီး ပြည်သူလူထုသည် အဆိုပါကိစ္စများကို စိတ်ဝင်စားခြင်း မရှိသော်လည်း ပြည်သူတစ်ရပ်လုံးဟု သုံးနှုန်းနေခြင်းသည် သင့်လျော်ခြင်း မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့သည်။

အဆိုပါ ကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ၁၈ ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး ပါဝင်သည်။

ယင်းကော်မတီအနေဖြင့် ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent