ဒီမိုကရေစီ အခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား

ဒီမိုကရေစီ အခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား
Published 19 June 2019
မင်းနိုင်စိုး

ဒီမိုကရေစီနည်းကျ ရွေးချယ်ခံ အရပ်သား အစိုးရအနေဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသို့ ကူးပြောင်းနေကြောင်း၊ ဒီမိုကရေစီ အခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံတွင် ဇွန် ၁၀ ရက်မှ ၂၁ ရက်အထိ ကျင်းပနေသည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်နေပြီး ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော ညီလာခံစုံညီ အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်း ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။

ကလေးအလုပ်သမား ပပျောက်ရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုမှုကို ပြသမှုအဖြစ် ILO ၏ အဓိက ပြဋ္ဌာန်းချက်များအနက် တစ်ခုဖြစ်သော အနိမ့်ဆုံးအသက် သတ်မှတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် - ၁၃၈ လက်ခံ ကျင့်သုံးနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံ အရပ်သားအစိုးရ အနေဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသို့ ကူးပြောင်းနေကြောင်း၊ ဒီမိုကရေစီ အခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ မည်သို့ပင်ဖြစ်စေ အဓမ္မခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်ချက်များ အပါအဝင် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် မဆုတ်မနစ် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ILO သည် ရာစုနှစ် တစ်ခုကြာ အရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် အစဉ်ဖွံ့ဖြိုး တိုးတက်စေရန် စံနမူနာပြ စနစ်တကျ လည်ပတ် ဆောင်ရွက်နိုင်မှု၊ ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံနိုင်မှု၊ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နိုင်မှု စသော သွင်ပြင် လက္ခဏာများကို ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်၍ ILO ကို ဦးဆောင်ဦးရွက် ပြုနေသော ညွှန်ကြားရေးမှူးချုပ် Mr.Guy Ryder အပါအဝင် ILO ကို စတင် သန္ဓေတည်ခဲ့သူများ၊ တာဝန် ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဟန်ချက်ညီစွာ ပါဝင် ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် အလုပ်သမားများ အပါအဝင် နိုင်ငံသား အားလုံး၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် Future of Work ၏ ရည်မှန်းချက်ဖြစ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးခြင်း ယဉ်ကျေးမှု တိုးတက်လာစေရန် ဦးစားပေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နေကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံများနှင့်အညီ ဖြစ်ပေါ်လာစေရန်၊ လူမှုရေး ဆွေးနွေးမှု စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံသည့် အလုပ်သမားဥပဒေမူဘောင် ပေါ်ပေါက်လာစေရန်၊ ဥပဒေလိုက်နာ ကျင့်သုံးမှု မြှင့်တင်ပြီး အလုပ်သမားရေးရာ ဥပဒေပြုပြင် ပြောင်းလဲရေးနှင့် လုပ်ငန်းခွင် ဆက်ဆံရေးအတွက် သုံးပွင့်ဆိုင် အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရေး Myanmar Labor Market Governance Programme ရေးဆွဲ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် အလုပ်သမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် တည်ဆဲ အလုပ်သမားဥပဒေများဖြင့် စည်းကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊ အနည်းဆုံး အခကြေးငွေကို အလုပ်သမားနှင့် မိသားစုများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်သမားများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေး ရည်ရွယ်၍ ဒုတိယအကြိမ် ပြင်ဆင် တိုးမြှင့် သတ်မှတ်နိုင်ခဲ့ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု တိုးတက်လာစေရန် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများ စီမံခန့်ခွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် ငါးနှစ် စီမံကိန်း (၂၀၁၈ - ၂၀၂၂) ကို စနစ်တကျရေးဆွဲ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ် မတ်တွင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြား သည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု လိုအပ်ချက်များ၊ လျင်မြန်စွာ ပြောင်းလဲနေသော နည်းပညာအသစ်များနှင့် သဟဇာတ ဖြစ်စေရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် အရည်အသွေး မူဘောင်ကို အပြီးသတ် ရေးဆွဲနေပြီး National Skills Standard Authority (NSSA) က အလုပ်သမားများ ကျွမ်းကျင်မှု မြှင့်တင်ရေး ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

 

Most Read

Most Recent