ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်၍ တိုင်းရင်းသား မဟုတ်၊ နိုင်ငံသား မဟုတ်သည့် ကလေးငယ်များကို တရားဝင် မွေးစားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် ရရှိစေမည့် ဥပဒေ ပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း ပြည်ခိုင်းဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီ ကြေညာ

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်၍ တိုင်းရင်းသား မဟုတ်၊ နိုင်ငံသား မဟုတ်သည့် ကလေးငယ်များကို တရားဝင် မွေးစားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် ရရှိစေမည့် ဥပဒေ ပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း ပြည်ခိုင်းဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီ ကြေညာ
Published 17 June 2019

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်၍ တိုင်းရင်းသား မဟုတ်၊ နိုင်ငံသား မဟုတ်သည့် ကလေးငယ်များကို တရားဝင် မွေးစားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် ရရှိစေမည့် ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း ပြည်ခိုင်းဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ဇွန် ၁၆ ရက်တွင် စုပေါင်း ကြေညာချက် ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် ၊ ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်အရ "နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်"ဟု အတည်ပြုခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ၏ စုပေါင်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေပုဒ်မ ၃၃ (ခ) တွင် "မွေးစား ကလေးသူငယ် တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်"ဟု ပြဋ္ဌာန်းထားကြောင်း နိုင်ငံရေးပါတီများ၏ ကြေညာချက်အရ သိရသည်။

"နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေး သူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်"ဟူသော ဥပဒေပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အခန်း (၈) ၊ ပုဒ်မ ၇၃ ပါ "နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူအဖြစ် မရှိစေရ"ဟူသော ပြဋ္ဌာန်းချက်ကို လွှမ်းမိုး ပယ်ဖျက်လိုက်သည့် သဘောဟု နိုင်ငံရေးပါတီ ၂၆ ပါတီက ရှုမြင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယခု ပြင်ဆင် ပြဋ္ဌာန်းချက်အရ မွေးစား ကလေးသူငယ်သည် မဲပေးပိုင်ခွင့် ၊ ရွေးချယ်ခံ ပိုင်ခွင့်နှင့်အတူ တိုင်းရင်းသား နိုင်ငံသားများ၏ အခွင့်အရေး အားလုံးကိုပါ သားသမီးအရင်းများနှင့်တန်းတူ ရပိုင်ခွင့် ရှိလာကြမည် ဖြစ်သည်ဟု  နိုင်ငံရေးပါတီ ၂၆ ပါတီက ကြေညာသည်။

ယခု ဆောင်ရွက်ချက်သည် အစိုးရက လမ်းပြမြေပုံဟု ကုလသမဂ္ဂတွင် ကြေညာထားသော ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာတွင် " ကလေးတိုင်း၌ နိုင်ငံသား ဖြစ်နိုင်သည့် အခွင့်အရေးကို လေးစားရမည်။ ကာကွယ်ရမည်။ ကလေးတိုင်း နိုင်ငံသားဖြစ်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်။ ကလေးများ၏ အကောင်းဆုံးအကျိုးကို ရည်ရွယ်သောအားဖြင့် နိုင်ငံသားအဖြစ် လျှောက်ထားမှုကို အသက် (၁၈) နှစ် ပြည့်ပြီးသည်အထိ စောင့်ဆိုင်း၍ လျှောက်ထားခြင်းမျိုး မရှိစေဘဲ နိုင်ငံသားဖြစ်မှုကို ထိုကလေးအား မွေးဖွားပြီးသည်နှင့် ဖြစ်နိုင်သမျှ အမြန်ဆုံးရရှိစေရမည်"ဟူသော နိုင်ငံသားများအတွက် ကောင်းကျိုး မဖြစ်သည့် အကြံပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း  နိုင်ငံရေးပါတီ ၂၆ ပါတီက ကြေညာချက်တွင် ဖော်ပြသည်။

ဥပဒေတစ်ရပ် ပြန်ဋ္ဌာန်းခြင်းနှင့် ပြင်ဆင်ခြင်း၏ ရည်ရွယ်ချက်သည် မိမိ နိုင်ငံတော် ၊ နိုင်ငံသား ၊ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးစီးပွား အတွက်သာ ရှေးရှုရန် လိုအပ်ကြောင်း နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင် ဆောင်ရွက်မှု မှန်သမျှကို ပြည်သူနှင့်အတူ ပူးပေါင်း လက်တွဲ ကာကွယ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ၏ စုပေါင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော် လုံခြုံရေးအတွက် အရေးပါသော ဥပဒေများ ၊ ဖျက်သိမ်းလိုက်သဖြင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများ မည်မျှ တိုးပွားလာသည်ကို မသိနိုင်သည့် ယခု ကာလမျိုးတွင် ယခုဥပဒေ ပြင်ဆင်မှုကြောင့် မူလ တိုင်းရင်းသား ၊ နိုင်ငံသားများ၏ နေရာတွင် တိုင်းရင်းသားဖြစ်ခွင့် မရှိသူ အများအပြား အလျင်အမြန် အစားဝင် လွှမ်းမိုး၍ နေရာယူသွားနိုင်သည်အထိ စိုးရိမ်ဖွယ်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီက စုပေါင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

Most Read

Most Recent