စီမံခန့်ခွဲရေးဆိုင်ရာနှင့် အခြားကိစ္စရပ်များအတွက် ၂၀၁၈ ခုနှစ်အတွင်း တရားသူကြီး ၇၀ ကျော် သတိပေးခံခဲ့ရပြီး အချို့ကို ရာထူးတိုး ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း စသည့် အရေးယူမှုများ ရှိခဲ့ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစီရင်ခံစာတွင် ဖော်ပြ

စီမံခန့်ခွဲရေးဆိုင်ရာနှင့် အခြားကိစ္စရပ်များအတွက် ၂၀၁၈ ခုနှစ်အတွင်း တရားသူကြီး ၇၀ ကျော် သတိပေးခံခဲ့ရပြီး အချို့ကို ရာထူးတိုး ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း စသည့် အရေးယူမှုများ ရှိခဲ့ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစီရင်ခံစာတွင် ဖော်ပြ
Published 7 June 2019
  ဉာဏ်လင်းထွန်း

 စီမံခန့်ခွဲရေးဆိုင်ရာနှင့် အခြားကိစ္စရပ်များအတွက် ၂၀၁၈ ခုနှစ်အတွင်း တရားသူကြီး ၇၀ ကျော် သတိပေးခံခဲ့ရပြီး အချို့ကို ရာထူးတိုး ရပ်ဆိုင်းခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း စသည့် အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ၂၀၁၈ ခုနှစ် တရားရုံး အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

စီမံခန့်ခွဲရေးဆိုင်ရာနှင့် အခြား၊ သတင်းစာ ကြော်ငြာတွင် မှားယွင်း ဖော်ပြခြင်းတို့အတွက် ခရိုင်တရားသူကြီး ၁၃ ဦး၊ တွဲဖက်ခရိုင် တရားသူကြီး တစ်ဦးနှင့် ဒုတိယခရိုင် တရားသူကြီး ၁၁ ဦး မြို့နယ် တရားသူကြီး ၂၁ ဦး၊ တွဲဖက်မြို့နယ် တရားသူကြီး ၁၃ ဦးနှင့် ဒုတိယမြို့နယ် တရားသူကြီး ၁၇ ဦးတို့ကို သတိပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် မြို့နယ် တရားသူကြီး သုံးဦးကို ရာထူးတိုး ရပ်ဆိုင်းခြင်း၊ တစ်ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့ကာ တွဲဖက်မြို့နယ် တရားသူကြီး တစ်ဦးကို ရာထူးမှ ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဝန်ထမ်း စည်းကမ်း ဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းတို့အတွက် ၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် လက်အောက် တရားရုံး အဆင့်ဆင့်က တရားရေး အရာရှိ / တရားသူကြီး ၁၀၉ ဦး၊ ရုံးဝန်ထမ်း ၅၈ ဦး၊ စုစုပေါင်း ၁၆၇ ဦးတို့ကို ရာထူးအလိုက် ဝန်ထမ်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

သတိပေးခံရသည့် တရားရေး အရာရှိများတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မှစ၍ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားရေး ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ စသည့် အဆင့်များအထိ ပါဝင်ပြီး ဒုတိယဦးစီးမှူး တစ်ဦးကို ရာထူးတိုး ရပ်ဆိုင်းခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း တိုင်ကြားစာ ၃၂၉၄ စောင် လက်ခံ ရရှိရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း၊ တရားစီရင်ရေး ကျင့်ဝတ် ဖောက်ဖျက်ခြင်းတို့  ပေါ်ပေါက်သည့် တိုင်ကြားစာ နှစ်စောင်ကို အရေးယူခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

လက်ခံရရှိသည့် တိုင်ကြားစာ ၃၂၉၄ စောင်အနက် ၃၂၅၈ စောင်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ စုံစမ်း စစ်ဆေးချက်အရ တရားစီရင်ရေး လမ်းကြောင်းအရ ဆောင်ရွက်ရန် တိုင်ကြားစာ ၁၈၂၃ စောင်နှင့် တိုင်တန်းမှု မမှန်ကန်သည့် တိုင်ကြားစာ ၁၄၃၃ စောင်ကို ပိတ်သိမ်းခဲ့ပြီး တိုင်ကြားစာ ၃၆ စောင်ကို စုံစမ်း စစ်ဆေးမှု ပြုလုပ်ဆဲ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

တရားရုံး၏ ဆောင်ရွက်မှုအပေါ် တိုင်ကြားစာများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦး ဦးဆောင်သည့် တိုင်ကြားစာ စိစစ်ပြန်ကြားရေး ကော်မတီက စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်လျက် ရှိသည်ဟု အစီရင်ခံစာအရ သိရသည်။

တရားစီရင်ရေးရာ ကိစ္စရပ်များနှင့် တရားရုံး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားသူကြီးများ ဦးဆောင်သည့် ကော်မတီ ရှစ်ခုနှင့် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းထားရှိသည်။

ယင်းကော်မတီနှင့် အဖွဲ့များထဲမှ  တိုင်ကြားစာ စိစစ်ပြန်ကြားရေး ကော်မတီကို ပြည်ထောင်စု တရားသူကြီး ဦးမြင့်အောင်က ဦးဆောင်ကြောင်း သိရသည်။

၂၀၀၈ အခြေခံ ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားသူကြီး အများဆုံး ၁၁ ဦးအထိ ဖွဲ့စည်း ခန့်အပ်ခွင့်ရှိရာ လက်ရှိတွင် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားသူကြီး ကိုးဦး ရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဒုတိယခရိုင် တရားသူကြီး၊ မြို့နယ်တရားသူကြီးနှင့် တရားရေး ဦးစီးအရာရှိ စသည့် တရားရေး ဝန်ထမ်းများကို အရေးယူမှု များလည်းရှိသည်။             

Most Read

Most Recent