အာဆင်နယ်အသင်းအတွက် အာရုံစိုက်ထားရန် ရမ်ဆေးကို ဝေးလ်စ်အသင်းနည်းပြ ရိုင်ယန်ဂစ် အကြံပြု

အာဆင်နယ်အသင်းအတွက် အာရုံစိုက်ထားရန် ရမ်ဆေးကို ဝေးလ်စ်အသင်းနည်းပြ ရိုင်ယန်ဂစ် အကြံပြု
Published 5 October 2018

 

ဝေးလ်စ်အသင်းနည်းပြ ရိုင်ယန်ဂစ်က လက်ရှိအချိန်တွင် ရမ်ဆေးအနေဖြင့် အာဆင်နယ်အသင်းအတွက်သာ အာရုံစိုက်ထားရန် အကြုံပြုပြောကြားခဲ့သည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်း၏ လက်ရှိစာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့မည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက  အတည်ပြုထုတ်ပြန်ထားသည်။

ရမ်ဆေးအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်အသင်းက စိတ်ဝင်စားနေသလို စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း စောင့်ကြည့်နေကြောင်း သိရသည်။

ထို့ကြောင့် ရမ်ဆေးအနေဖြင့် လာလီဂါသို့ ပြောင်းရွှေ့ကစားလျှင် အောင်မြင်နိုင်သလားဟု သတင်းထောက်များ၏ မေးမြန်းမှုကို ရိုင်ယန်ဂစ်က "ရမ်ဆေးက  ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘယ်လိဂ်မှာပဲ ကစားကစား အဆင်ပြေမှာပါ။ ဒါပေမဲ့ ကျွန်တော်အကြံပေးချင်တာကတော့ ရမ်ဆေးအနေနဲ့ လောလောဆယ်မှာ အာဆင်နယ်အသင်းအတွက်ပဲ အာရုံစိုက်ထားသင့်တယ်ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဝေးလ်စ်လက်ရွေးစင် ရမ်ဆေးသည် ၂၀၀၈ ခုနှစ်၊ ဇွန်လက ကာဒစ်ဖ်အသင်းမှ ပေါင် (၄.၈)သန်းဝန်းကျင်ဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် အာဆင်နယ်အသင်းအတွက် (၁၁)နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ (၃၃၇)ပွဲတွင် (၅၈)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ရမ်ဆေးထွက်ခွာသွားပါက ၎င်း၏နေရာတွင် အစားထိုးရန် ဆီဗီလာအသင်းကွင်းလယ်လူ ဘာနီဂါကို ပစ်မှတ်ထားနေကြောင်း သိရသည်။

Most Read

Most Recent