ခရိုအေးရှား၊ စပိန်တို့နှင့်ပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်း ထုတ်ပြန်ခဲ့ပြီး လူငယ်အများစုပါဝင်လာ

ခရိုအေးရှား၊ စပိန်တို့နှင့်ပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်း ထုတ်ပြန်ခဲ့ပြီး လူငယ်အများစုပါဝင်လာ
Published 5 October 2018

 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့်ရက်သတ္တပတ်အတွင်း Nations League ပြိုင်ပွဲအဖြစ် ခရိုအေးရှား၊ စပိန်တို့နှင့်ကစားမည့်ပွဲစဉ်များအတွက် ကစားသမား (၂၅)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ လူငယ်အများစုပါဝင်လာကြောင်း သိရသည်။

အင်္ဂလန်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည့် ဆောက်ဂိတ်သည် ယခုလူစာရင်းတွင် အင်္ဂလန်အတွက် ကိုယ်စားပြုခွင့်မရသေးသည့် လူငယ်ကစားသမား(၄)ဦးအား ပထမဆုံးအကြိမ် ရွေးချယ်ထားသည်။ ယင်းကစားသမားများမှာ လက်စတာကွင်းလယ်တိုက်စစ်ကစားသမား မက်ဒီဆန်၊ ဒေါ့မွန်တောင်ပံကစားသမား ဆန်ဂျို၊ ချယ်လ်ဆီးအသင်းမှ ဒါဘီအသင်းသို့ အငှားသွားရောက်ကစားနေသည့် ကွင်းလယ်လူ မေဆွန်မော့တ်နှင့် ဖူလ်ဟမ်ဂိုးသမား ဘက်တီနယ်လီတို့ဖြစ်သည်။

နည်းပြ ဆောက်ဂိတ်၏အင်္ဂလန်အသင်းသည် Nations League ပြိုင်ပွဲအဖြစ် အောက်တိုဘာ (၁၂)ရက်တွင် ခရိုအေးရှားနှင့်လည်းကောင်း၊ အောက်တိုဘာ (၁၅)ရက်တွင် စပိန်အသင်းနှင့်လည်းကောင်း အဝေးကွင်းပွဲစဉ်များ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆောက်ဂိတ်သည် အသင်းလူစာရင်းတွင် လူငယ်အများစုကိုရွေးချယ်ခဲ့သော်လည်း ယခုရာသီပရီးမီးယားလိဂ်၌ အကောင်းဆုံးပုံစံရရှိနေသည့် ဘန်လေဂိုးသမား ဂျိုးဟတ်၊ မန်စီးတီးကွင်းလယ်လူ ဖေဘီယန်ဒဲ့လ်ဖ်

နှင့် လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်တို့ကိုမူ ချန်လှပ်ခဲ့ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် Nations League ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်တွင် စပိန်အသင်းအား ဝင်ဘလေကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ခရိုအေးရှား၊ စပိန်တို့နှင့်ကစားမည့် အင်္ဂလန်အသင်းလူစာရင်း

ဂိုး- ပစ်ဖို့ဒ်(အဲဗာတန်)၊ ဘတ်လန်း(စတုတ်စီးတီး)၊ မက္ကာသီ(ဆောက်သမ်တန်)၊ ဘက်တီနယ်လီ(ဖူလ်ဟမ်)

နောက်တန်း- ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်(မန်စီးတီး)၊ ဒန်နီရို့စ်၊ ထရစ်ပီယာ(စပါး)၊ မက်ဂွိုင်းယား(လက်စတာ)၊ လုခ်ရှော(မန်ယူ)၊ ဂျိုးဂိုးမက်ဇ်၊ အာနိုးလ်(လီဗာပူးလ်)၊ တာကောစကီး(ဘန်လေ)

အလယ်တန်း- ဟန်ဒါဆန်(လီဗာပူးလ်)၊ ဟာရီဝင့်ခ်၊ ဒိုင်ယာ(စပါး)၊ ဘာကလေ(ချယ်လ်ဆီး)၊ ချာလိုဘတ်(ဝက်ဖို့ဒ်)၊ မေဆွန်မော့တ်(ဒါဘီ)

ရှေ့တန်း- စတာလင်(မန်စီးတီး)၊ ဝဲလ်ဘတ်(အာဆင်နယ်)၊ ဟာရီကိန်း(စပါး)၊ ရပ်ရှ်ဖို့ဒ်(မန်ယူ)၊ မက်ဒီဆန်(လက်စတာ)၊ ဆန်ဂျို(ဒေါ့မွန်)

Most Read

Most Recent