၂၀၁၅ ခုနှစ်ကုန်ပိုင်းမှ စတင်ကျဆင်းခဲ့သည့် အိမ်ခြံမြေဈေးကွက်မှာ ယခုနှစ်အတွင်း တိုးတက်မှုမရှိခဲ့ဘဲ တိုက်ခန်းအငှားဈေးကွက်မှာလည်း မျှော်မှန်းထားသကဲ့သို့ အငှားမသွက်ခဲ့ကြောင်း ထုတ်ပြန်

၂၀၁၅ ခုနှစ်ကုန်ပိုင်းမှ စတင်ကျဆင်းခဲ့သည့် အိမ်ခြံမြေဈေးကွက်မှာ ယခုနှစ်အတွင်း တိုးတက်မှုမရှိခဲ့ဘဲ တိုက်ခန်းအငှားဈေးကွက်မှာလည်း မျှော်မှန်းထားသကဲ့သို့ အငှားမသွက်ခဲ့ကြောင်း ထုတ်ပြန်
Published 26 December 2017

တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည့် အိမ်ခြံမြေပြပွဲတွင် လာရောက်လေ့လာနေသူများကို တွေ့ရစဉ်

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်ကျဆင်းခဲ့သည့် အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၇ ခုနှစ်အတွင်း ထူးထူးခြားခြားတိုးတက်မှုမရှိခဲ့ဘဲ တိုက်ခန်းအငှားဈေးကွက်မှာလည်း မျှော်မှန်းထားသကဲ့သို့ အငှားမသွက်ခဲ့ကြောင်း ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က ဒီဇင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ပိုင်းတွင် မြေကွက်အရောင်းအဝယ်မှာ ထူးခြားမှုမရှိခဲ့ဘဲ ကွန်ဒိုတိုက်ခန်းများမှာမူ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အနည်းငယ် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေအကြံပေးနှင့် အကျိုးဆောင်လုပ်ကိုင်သည့် Maverick Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်နိုင်ဦးက သုံးသပ်သည်။

“နှစ်ဆန်းပိုင်းမှာ နည်းနည်းလေးသွက်တယ်။ နှစ်လယ်ပိုင်းမှာတော့ အေးသွားပါတယ်။ နှစ်ဆန်းပိုင်းမှာ အများစုက ကျပ်သိန်း ၂၀၀၀ အောက်ကွန်ဒိုတွေပဲ အရောင်းအဝယ်ဖြစ်တယ်။။ တခြားဈေးကွက်က တော်တော်အေးခဲ့တယ်။ နှစ်ကုန်ပိုင်းမှာတော့ အရောင်းအဝယ် နည်းနည်းပြန်တက်လာတယ်။ သိန်း ၃၀၀၀ ဝန်းကျင်လောက် တိုက်ခန်းတွေ အရောင်းအဝယ်တက်လာတယ်။ အရောင်းအဝယ်ဖြစ်တဲ့အရေအတွက်လည်း တက်လာတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေဆိုင်ရာပြပွဲများ ပြုလုပ်ခဲ့သော်လည်း ပြပွဲများတွင် အိမ်၊ ခြံ၊ မြေ တိုက်ခန်းဝယ်ယူမှု နည်းပါးခဲ့သလို အွန်လိုင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ပြုလုပ်ရန် ဝင်ရောက်ကြည့်ရှုမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပုံမှန်ပင်ဖြစ်ကြောင်း House.com.mm Head of Sale မအိမြတ်မွန်က ဆိုသည်။

အိမ်၊ ခြံ၊ မြေ တိုက်ခန်းအငှားဈေးကွက်တွင်မူ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်အတွင်း ပုံမှန်ခန့်သာရှိခဲ့ပြီး မျှော်မှန်းထားသကဲ့သို့ အငှားမသွက်ခဲ့ကြောင်း Estate Myanmar Real Estate Agency မှ ဒါရိုက်တာ ဒေါက်တာထူးမြတ်နိုင်က သုံးသပ်သည်။

“အငှားပိုင်းမှာ ဈေးနှုန်းအမြင့်ပိုင်းတွေက နိုင်ငံခြားသားအငှားများပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်၊ လေးနှစ်မှာက နိုင်ငံခြားကုမ္ပဏီတွေ၊ နိုင်ငံခြားသားတွေ ဝင်ရောက်မှုနဲ့ယှဉ်ရင် ဈေးကွက်ထဲရှိနေတဲ့ အိမ်၊ တိုက်ခန်းအရေအတွက်က နည်းနေတော့ အငှားသွက်တယ်။ ဈေးတက်တယ်။ ဒီနှစ်ပိုင်းမှာ Golden City တို့လို၊ Crystal Residence တို့လို အဆောက်အအုံတွေပြီးလာကြတယ်။ အခန်းအရေအတွက် များလာတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံခြားသားဝင်ရောက်မှုက အရင်နှစ်တွေကနဲ့ယှဉ်ရင် ထူးထူးခြားခြား တိုးလာတာမရှိဘူး။ ဒီတော့ ဈေးနှုန်းအမြင့်ပိုင်းမှာ အငှားဈေးကကျလာတယ်။ ငှားရမ်းမှုနှုန်းကတော့ ပုံမှန်ပါပဲ” ဟု ဒေါက်တာထူးမြတ်နိုင်က ရှင်းပြသည်။

အငှားဈေးနှုန်းအနေဖြင့် ကျပ်ငါးသိန်းအောက် အိမ်ခြံမြေတိုက်ခန်းများမှာ ကျဆင်းမှုမရှိခဲ့ဘဲ ဈေးနှုန်းအမြင့်ပိုင်းဖြစ်သည့် ကျပ် ၁၀ သိန်းနှင့်အထက် အိမ်ခြံမြေတိုက်ခန်းများမှာမူ ဈေးနှုန်းရာခိုင်နှုန်း ၂၀ ခန့်ကျဆင်းခဲ့ကြောင်း ဒေါက်တာထူးမြတ်နိုင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent