YBS စတင်ပြေးဆွဲစဉ်မှ ၂၀၁၇ ခုနှစ် သြဂုတ်အထိ မှတ်တိုင်မရပ်မှုနှင့် သတ်မှတ် မှတ်တိုင်မဟုတ်ဘဲ လူတင်လူချလုပ်မှုများကို တိုင်ကြားမှုပေါင်း ၁၁၀၀ ကျော်ရှိ

YBS စတင်ပြေးဆွဲစဉ်မှ ၂၀၁၇ ခုနှစ် သြဂုတ်အထိ မှတ်တိုင်မရပ်မှုနှင့် သတ်မှတ် မှတ်တိုင်မဟုတ်ဘဲ လူတင်လူချလုပ်မှုများကို တိုင်ကြားမှုပေါင်း ၁၁၀၀ ကျော်ရှိ
Published 1 December 2017

ဆူးလေမှတ်တိုင်တွင် လူအတင်အချ ပြုလုပ်နေသည့် YBS ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

YBS စတင်ပြေးဆွဲသည့်အချိန်မှ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မရပ်မှုနှင့် သတ်မှတ်, မှတ်တိုင်မဟုတ်ဘဲ လူတင်လူချ လုပ်မှုများကို တိုင်ကြားမှုပေါင်း ၁၁၀၀ ကျော် အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃၀ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းမှ YBS ယာဉ်လိုင်းမှ ခရီးသည်ယာဉ်များ သတ်မှတ်, မှတ်တိုင်တွင် ခရီးသည် အတင်အချ မပြုလုပ်ဘဲသင့်သလို စည်းကမ်းမဲ့ ခရီးသည် အတင်အချ ပြုလုပ်နေကြခြင်း၊ မီးပွိုင့်အနီးအနားတွင် ခရီးသည် အတင်အချ ပြုလုပ်နေကြခြင်းများအား မည်သို့ အရေးယူဆောင်ရွက်သွားမည်၊ စည်းကမ်းတကျ သတ်မှတ်, မှတ်တိုင်များတွင် ခရီးသည် အတင်အချ ပြုလုပ်ရန် မည်သို့စီစဉ်ကြီးကြပ် အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း၊ ပြည်သူ့ဥယျာဉ်တွင် ထားရှိသော မီးပွိုင့်များ ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် YBS ခရီးသည်တင်ယာဉ်များ မီးပွိုင့်အနီးတွင် စည်းကမ်းမဲ့ ရပ်တန့်ပြီး ခရီးသည်အတင်၊ အချပြုလုပ်နေခြင်းများအား ဖော်ထုတ်အရေး ယူဆောင်ရွက်သွားနိုင်ပါသလား၊ ဟံသာဝတီအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းအပါအဝင် အဝိုင်းပတ်စနစ်အား ဖျက်သိမ်းသွားရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“YBS စနစ်ဖြင့် စတင်ပြေးဆွဲ စဉ်ကပင် ခရီးသည်တင်ယာဉ်များ၏ စည်းကမ်းလိုက်နာမှုအတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန်၊ Control Center ဖွင့်ပြီး ပြည်သူများ၏ တိုင်ကြားမှုလက်ခံခြင်း အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မှတ်တိုင်မရပ်မှုကြောင့် တိုင်ကြားမှုပေါင်း ၄၆၆ မှုရှိပြီး သက်ဆိုင်ရာကုမ္ပဏီနှင့် ယာဉ်လိုင်းများသို့ အကြောင်းကြားပြီး အရေးယူခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၇ ခုနှစ် မတ်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် YRTA ဝန်ထမ်းများ ပူးပေါင်းပြီး မော်တော်ယာဉ် ၁၀ စီးဖြင့် လှည့်လည်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မှာ စနစ်တကျမရပ်မှု ၄၆၆ မှု သတ်မှတ်နေရာ မဟုတ်ဘဲ လူတင်လူချမှု ၆၇၃ မှု စစ်ဆေးတွေ့ ရှိရသဖြင့် အရေးယူခြင်း၊ သက်ဆိုင်ရာယာဉ်လိုင်း ကုမ္ပဏီများကို အရေးယူစေခြင်းများ ဆောင်ရွက်ခဲ့ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းမှု ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် YRTA မှ စစ်ဆေးရေးအဖွဲ့သုံးဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ မော်တော်ယာဉ်သုံးစီးဖြင့် လမ်းကြောင်းများသတ်မှတ်၍ ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မရပ်ခြင်း၊ သတ်မှတ်နေရာမဟုတ်ဘဲ လူတင်ချခြင်း ကျူးလွန်သဖြင့် ၁၁၇ မှုကို ထပ်မံစစ်ဆေး အရေးယူခဲ့ပါတယ်။ ခရီးသည်တင်ယာဉ်များ စနစ်တကျရှိရေးအတွက် အဖွဲ့ဝင်များဖြင့် လှည့်လည်စစ်ဆေးခြင်း၊ လိုင်းကားများ စနစ်တကျပြေးဆွဲရေးအတွက် Traffic Control Center ကနေပြီးတော့ ကားတွေမှာ GPS တပ်ဆင်ထားပြီး Traffic Control Center ကနေ Control လုပ်ပြီးတော့ စစ်ဆေးကြပ်မတ်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

 

Most Read

Most Recent