၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြင်ဆင်နေသည်ဆိုခြင်းကို ဒုသမ္မတမိုက်ပင့်စ်က ဒေါသတကြီး ငြင်းဆန်

၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြင်ဆင်နေသည်ဆိုခြင်းကို ဒုသမ္မတမိုက်ပင့်စ်က ဒေါသတကြီး ငြင်းဆန်
Published 8 August 2017


သြဂုတ် ၄ ရက်က ဒီလာဝဲပြည်နယ်ရှိ ဒိုဗာလေတပ်စခန်း၌ အခမ်းအနားတစ်ခုတွင် တွေ့ရသော အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ် (ယာ) (Photo: AFP)

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် အခြေခံအုတ်မြစ်များ စချနေပြီဟူသော သတင်းတစ်ခုနှင့် ပတ်သက်ပြီး မိုက်ပင့်စ်က သြဂုတ် ၆ ရက်တွင် ‘အဓိပ္ပာယ်မရှိ’၊ ‘လုံးဝဥဿုံမှားယွင်းခြင်း’ ဟုခေါ်ဆိုကာ ဒေါသတကြီးပြန်လည် ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ရုရှားနှင့် ဆက်စပ်နေသော ပြဿနာကြောင့် စုံစမ်းစစ်ဆေးခံနေရခြင်းအပါအဝင် ဒေါ်နယ်ထရန့်၏ သမ္မတလက်ထက်အတွင်း ဖြစ်ပေါ်နေသည့် ဝရုန်းသုန်းကားအခြေအနေတို့သည် ပင့်စ်အပါအဝင် ထိပ်တန်းရီပက်ဘလီကင်တို့ကို ၂၀၂၀ ရွေးကောက်ပွဲအတွက် လျှို့ဝှက်သော မဲဆွယ်စည်းရုံးရေးတစ်ခုကို စတင်အစပျိုးရန် တွန်းအားပေးနေသည်ဟု နယူးယောက်တိုင်းသတင်းစာတွင် သြဂုတ် ၆ ရက်က ဖော်ပြခဲ့သည်။

သို့သော် သမ္မတတစ်ဦးသည် သက်တမ်းခြောက်လသာ ရှိသေးသည့်အချိန်တွင် ဒုတိယသက်တမ်းအတွက် ဝင်ပြိုင်နိုင်ခြေမရှိတော့သည့်အတွက် သမ္မတနိုင်ငံရေးအဖွဲ့ထဲမှ တစ်ဦးဦးသည် နောက်ထပ်သက်တမ်းအတွက် ပြင်ဆင်နေသည်ဆိုခြင်းမှာ အလွန်အမင်းရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

“နယူးယောက်တိုင်းမှာပါတဲ့ ဒီနေ့ဆောင်းပါးဟာ ကျွန်တော့်အတွက်၊ ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော်တို့အဖွဲ့တစ်ခုလုံးအတွက် စော်ကားမှု၊ အရှက်ရစေမှုဖြစ်ပါတယ်” ဟုပင့်စ်က Twitter တွင်ရေးသားခဲ့သည်။ “ဒီဆောင်ပါးထဲမှာပါတဲ့ စွပ်စွဲချက်တွေဟာ လုံးဝဥဿုံမှားယွင်းပြီး ဒီအစိုးရအဖွဲ့ကို စိတ်ဝမ်းကွဲစေဖို့ မီဒီယာရဲ့ နောက်ဆုံးကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်” ဟု ထရန့်ကလည်း ရေးသားခဲ့သည်။

ပင့်စ်က ၎င်းသည် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရရေးအတွက်သာ အလုံးစုံအားစိုက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နယူးယောက်တိုင်းဆောင်းပါးထဲ၌ လာမည့်နှစ်တွင်ပြုလုပ်မည့် ကာလလယ်ရွေးကောက်ပွဲတွင် ထရန့်သည် အရှုံးကြီးရှုံးပြီး ပါတီ၏ပြစ်တင်မှုကိုခံရလျှင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကြမည့် ရီပက်ဘလီကင် နိုင်ငံရေးအခွင့်ရေးသမားတစ်စုထဲတွင် ပင့်စ်ပါဝင်ပြီး ဦးဆောင်လမ်းပြ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားသည်။ ထို့ပြင် ပင့်စ်သည် အမှီအခိုကင်းသော နိုင်ငံရေးအုတ်မြစ်တစ်ခုကို တည်ထောင်ထားပြီးဖြစ်ပြီး မိမိကိုယ်ကိုယ်ကိုလည်း ထရန့်၏ဆက်ခံသူအဖြစ် အတည်ဖြစ်စေရန် ပုံဖော်နေကြောင်း၊ ထရန့်၏ နိုင်ငံရေးရန်ပုံငွေအဖွဲ့ (PAC) ကိုအရိပ်လွှမ်းသွားမည့် PAC တစ်ခုကိုလည်း တည်ထောင်နေကြောင်း ဖော်ပြထားသည်။

ထရန့်သည် ယခင်ကတည်းက ၎င်း၏အစိုးရအဖွဲ့အတွင်းမှ တစ်ဦးဦးသည် လူအများ၏ အာရုံစိုက်မှုပိုရရှိနေကြောင်း ပြောကြားချက်များနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်လေ့ရှိသည်။

ထရန့်၏ အကြီးတန်းအကြံပေး ကယ်လီယန်နီကွန်းဝေးကမူ ပင့်စ်သည် သစ္စာရှိသော ညာလက်ရုံးတစ်ဦးဖြစ်ပြီး သမ္မတရာထူးအတွက် လုံးဝရည်မှန်းနေခြင်းမရှိဟု သြဂုတ် ၇ ရက်မှာပင် အေဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Writer - Ref: AFP

Most Read

Most Recent