နွေစပါး ကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာ ကျန်ရှိ၍ ပြည်တွင်းဆန်ဈေး အနည်းငယ် မြင့်တက်နိုင်ဟုဆို

နွေစပါး ကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာ ကျန်ရှိ၍ ပြည်တွင်းဆန်ဈေး အနည်းငယ် မြင့်တက်နိုင်ဟုဆို
Published 17 June 2018

၂၀၁၈ ဇန်နဝါရီလအတွင်းက ဘုရင့်နောင်ကုန်ပွဲရုံအတွင်း ဆန်အရောင်းအဝယ်ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ယခုနှစ်ထွက်ရှိထားသည့် နွေစပါး ကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာကျန်ရှိနေ၍ ပြည်တွင်းဆန်ဈေး လက်ရှိ ဈေးနှုန်းထက် အနည်းငယ် မြင့်တက်နိုင်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“လောလောဆယ်တော့ နွေစပါးတွေက ကုန်သလောက် ဖြစ်သွားတယ်။ လက်ရှိအသစ်ပေါ်တဲ့ အောက်ဧရာဝတီတိုင်း၊ ပဲခူးတိုင်းက ကုန်သလောက် ဖြစ်သွားပြီးတော့ ရှိလည်း သိုလှောင်ထားတဲ့ဟာတွေကို ထုတ်ရောင်းဖို့ပဲ ကျန်တော့တယ်၊။ အဲဒါကျတော့ သူက ဈေးနည်းနည်း စောင့်ချင်သေးတာပေါ့။ ဆန်က အခုထွက်တဲ့ ဆန်တွေက ရွှေဘိုဘက် ရောင်းသွားပြီလေ။ ရွှေဘိုပေါ်နေပြီလေ။ အောက်ပိုင်း ဧရာဝတီ၊ ပဲခူးတိုင်းက အခုလက်ရှိပေါ်နေတာက ကုန်သလောက်ဖြစ်သွားတယ်။ ကုန်သလောက်ဖြစ်သွားတော့ ဒီဟာတွေ ကုန်သွားလို့ ဝယ်လိုအားက ရှိနေသေးတယ်။ ဝယ်လိုအား ပြန်ကောင်းလာပြီဆိုရင် ဈေးတက်ဖို့ ရှိတာပေါ့။ ဈေးတက်ပြီးမှ ဝယ်လို့ရမှာလေ” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ၂၅ မှတ် ဆန်အမျိုးအစား တစ်အိတ် ကျပ် ၁၉၀၀၀ နှင့် ၂၀၀၀၀ အကြား၊  ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၂၁၅၀၀ နှင့် ၅ မှတ်ဆန်ရှယ် တစ်အိတ်ကို ကျပ်၂၂၅၀၀ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

လက်ရှိဆန်ဈေးနှုန်း တည်ငြိမ်နေခြင်းသည် တရုတ်နိုင်ငံမှ ဘဏ်အကောင့်များ ပိတ်သိမ်းထားခြင်းကြောင့် မြန်မာ့ဆန်ကို နယ်စပ်မှ တရုတ်ဆန်ကုန်သည်များက ဝယ်ယူမှု ရပ်တန့်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“အခုက တရုတ်လည်း မဝယ်ဘူး။ တရုတ်မဝယ်လို့ ဈေးက ဒီအခြေအနေဖြစ်တာ။ တရုတ်ဝယ်ရင် တအားမြင့်သွားမယ်” ဟု ဦးသန်းဦးက ပြောကြားသည်။

ဇန်နဝါရီ ၁ ရက် ၂၅ မှတ်ဆန် ဇီယာတစ်အိတ် ကျပ် ၁၈၅၀၀ ဝန်း ကျင်၊ ၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ် ကျပ် ၁၈၅၀၀ ဝန်းကျင်၊ ငစိန် ဆန်တစ်အိတ် ကျပ် ၁၈၇၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၆ ရက်က ၂၅ မှတ်ဆန်ဇီ ယာ တစ်အိတ် ကျပ် ၁၈၆၀၀ နှင့် ကျပ် ၁၈၇၀၀ ကြား၊၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ် ကျပ် ၁၈၀၀၀ နှင့်  ကျပ် ၁၈၇၀၀၊ ငစိန်ဆန် တစ်အိတ် ကျပ် ၁၈၇၀၀ ဈေးအသီးသီး ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ဆန်တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါ တင်ပို့မှုများအနက် တရုတ်နိုင်ငံဘက်မှ အများဆုံးဝယ်ယူသည့် ဆန်အမျိုးအစားများသည် ပြည်တွင်း၌ အဓိက စားသုံးနေသော ဆန်အမျိုးအစားကို ဝယ်ယူနေခြင်းဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်၌ တရုတ်ဘက်မှ နယ်စပ်အရောင်းအဝယ် ပြုလုပ်နေသူများ ငွေပေးငွေယူ ပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂  ရက်မှစ၍ ငွေပေးငွေယူငွေလွှဲလုပ်ငန်းများ ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများက  အသိပေးထားကြောင်း၊ ဘဏ်အကောင့် ပိတ်သိမ်းမှုများ ပြန်လည်ခွင့်ပြုပြီး ဆန်အရောင်းအဝယ် ပုံမှန်ဖြစ်လာပါလည်း ပြည်တွင်းဆန်ဈေးနှုန်း ပြန်လည် မြင့်တက်နိုင်မည်ဖြစ်ကြောင်း သိရသည်။    

Most Read

Most Recent