ယင်းဆုအတွက် နယ်ပယ်အသီးသီးမှ ထူးချွန်သူများကို ဆန်ခါတင်စာရင်းထုတ်ပြန်၍ ပရိသတ်များကိုယ်တိုင် မဲပေးရွေးချယ်စေ ရာ ဂျရိန်းသောမတ်စ်က မဲအများဆုံးရရှိခဲ့ ခြင်းဖြစ်သည်။
ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ပေးအပ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အားကစားဆိုင်ရာထူးချွန်ဆု (Sports Personality of the Year) ကို Tour de France စက်ဘီးပြိုင်ပွဲချန်ပီယံ ဂျရိန်းသောမတ်စ်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယင်းဆုအတွက် နယ်ပယ်အသီးသီးမှ ထူးချွန်သူများကို ဆန်ခါတင်စာရင်းထုတ်ပြန်၍ ပရိသတ်များကိုယ်တိုင် မဲပေးရွေးချယ်စေ ရာ ဂျရိန်းသောမတ်စ်က မဲအများဆုံးရရှိခဲ့ ခြင်းဖြစ်သည်။
SKY အသင်း၏ကစားသမားဖြစ်သူ သောမတ်စ် (၃၂ နှစ်)သည် ၂၀၁၈ ခုနှစ် Tour de France မေဂျာစက်ဘီးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီး ယင်းပြိုင်ပွဲ၌ ချန်ပီယံဆုရယူနိုင်သည့် တတိယမြောက် ဗြိတိန်ကစားသမားနှင့် ပထမဆုံး ဝေးလ်စ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
သို့ဖြစ်ရာ သောမတ်စ်အနေဖြင့် မဲအများဆုံးရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန်က ဒုတိယနှင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရွှေဖိနပ်ဆုရှင် အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းက တတိယရရှိသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး သောမတ်စ်အား ၂၀၁၇ ခုနှစ်အတွက် ထူးချွန်ဆုရရှိခဲ့သူ တာဝေးအပြေးချန်ပီယံဟောင်း ဆာမိုဖာရက်က ပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲတွင် အခြားဆုများလည်း ချီးမြှင့်ခဲ့ပြီး နည်းပြဆုကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်၊ အသင်းလိုက်ဆုကို အင်္ဂလန် Netball အသင်း၊ လူငယ်ကစားသမားဆုကို အဒီနီဂန် (မသန်စွမ်း စက်ဘီး) နှင့် တစ်သက်တာထူးချွန်ဆုကို ဘီလီဂျင်းကင်း (တင်းနစ်)တို့ ဆွတ်ခူးရရှိခဲ့သည်။