Daily News Myanmar အမည်ဖြင့် Facebook Page တွင် မန္တ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြမှုကို သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် မြန်မာသတင်းမီဒီယာကောင်စီသို့ တိုင်ကြား

Daily News Myanmar အမည်ဖြင့် Facebook Page တွင် မန္တ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြမှုကို သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် မြန်မာသတင်းမီဒီယာကောင်စီသို့ တိုင်ကြား
Daily News Myanmar ၏ Facebook စာမျက်နှာကို တွေ့ရစဉ်
Daily News Myanmar ၏ Facebook စာမျက်နှာကို တွေ့ရစဉ်
Published 21 November 2018
 ကြည်နိုင်

Daily News Myanmar အမည်ဖြင့် Facebook Page တွင် မန္တ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြမှုကို သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် မြန်မာသတင်းမီဒီယာကောင်စီထံ တိုင်ကြားခဲ့ပြီး ယင်းနှင့် ပတ်သက်၍ ကောင်စီက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် DNM (Daily News Myanmar) Page သည် တရားဝင် Page (ဟုတ်၊ မဟုတ်)ကို  စင်ကာပူနိုင်ငံရှိ Facebook Team ထံသို့ မေးမြန်းထားကြောင်း၊ ဖော်ထုတ်ရရှိသော အချက်အလက်များပေါ်တွင် မူတည်၍ တိုင်ကြားခံရသည့် DNM (Daily News Myanmar) Page အား ကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေပါအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထုတ်ပြန်ချက်အရ Daily News Myanmar သတင်းမီဒီယာဌာနသည် နိုဝင်ဘာ ၁၂ ရက်တွင်  အင်တာနက် စာမျက်နှာပေါ်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါအများစု အောင်မြင်နေ၍ လုပ်ငန်းရှင်များ မေးခွန်းထုတ်ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြခဲ့ကြောင်း၊  သတင်းမီဒီယာဥပဒေပုဒ်မ (၉)၊ ပုဒ်မခွဲ (က) (ဆ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် (ကိုယ်စား) မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး က နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားလာခဲ့ကြောင်း သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စိစစ်ခဲ့ရာ Daily News Myanmar သတင်းဌာနအမည်ဖြင့် Facebook Page မှာ နှစ်ခုရှိနေကာ ပထမတစ်ခုမှာ Daily News Myanmar  ဖြင့် ဖွင့်ထားပြီး Website မှ Ginger ဖြစ်ကြောင်း၊ ယင်း Page ကို Like လုပ်ထားသူ ၃၉၄၉ ယောက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် စတင်ဖွင့်ထားသော Page  ဖြစ်ကြောင်း သိရသည်။ 

ယခု တိုင်ကြားခံရသည့်ကိစ္စ ဖော်ပြထားသည့် Page မှာ Logo တွင် Daily News Myanmar  ဟုသုံး၍ Page အမည်မှာ DNM ဟု သုံးထားပြီး Website Page မရှိကြောင်း၊  ယင်း Page ကို Like လုပ်ထားသူ ၅၁၁ ယောက်ရှိ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် စတင်ဖွင့်ထားသော Page  ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်မှစတင်၍ သတင်းများ တင်ထားသည်ကို စိစစ်တွေ့ရှိကြောင်း ကောင်စီက ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ ဥပဒေပုဒ်မ (၁၈) အရ ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး သတင်းမီဒီယာ ဥပဒေပုဒ်မ (၁၇) တွင် ပြဋ္ဌာန်းထားသည့် ကောင်စီ၏ လုပ်ငန်းတာဝန်အရ သတင်းမီဒီယာများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကို လိုက်နာခြင်း ရှိ၊ မရှိကို လည်းကောင်း၊ ပြည်သူအများ ထင်ယောင်ထင်မှား ဖြစ်စေမည့် ကျင့်ဝတ်လိုက်နာခြင်း မရှိပဲ သတင်းတု၊ သတင်းမှားများ ရေးသားနေသော သတင်းမီဒီယာများကို စောင့်ကြည့် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာများသည် သတင်းမီဒီယာ ဥပဒေပုဒ်မ (၉) အရ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန်ရှိကြောင်း ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

 

Most Read

Most Recent