ဆီးရီးယားတွင် ဘာရှာအာဆတ်ကို ဖြုတ်ချခဲ့သည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အား ယာယီသမ္မတအဖြစ် ရွေးချယ်ခန့်အပ်

ဆီးရီးယားတွင် ဘာရှာအာဆတ်ကို ဖြုတ်ချခဲ့သည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အား ယာယီသမ္မတအဖြစ် ရွေးချယ်ခန့်အပ်
ဇန်နဝါရီ ၁၆ ရက်က ဆီးရီးယားသမ္မတနန်းတော်တွင် ယာယီသမ္မတ အယ်ရှာရားကို တွေ့ရစဉ်(Photo: AFP)
ဇန်နဝါရီ ၁၆ ရက်က ဆီးရီးယားသမ္မတနန်းတော်တွင် ယာယီသမ္မတ အယ်ရှာရားကို တွေ့ရစဉ်(Photo: AFP)
Published 30 January 2025

ဆီးရီးယားတွင် ဘာရှာအာဆတ်ကို ဖြုတ်ချခဲ့သည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အာမက် အယ်ရှာရားကို ယာယီသမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။

ဆီးရီးယားအာဏာပိုင်များက အသွင်ကူးပြောင်းရေးလွှတ်တော်ဖွဲ့စည်းနေမှုနှင့်အတူ ရှားရားအား ယာယီသမ္မတအဖြစ် ခန့်အပ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ရှာရားဦးဆောင်သည့် အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် HTS တပ်ပေါင်းစုသည် ဆီးရီးယားတွင် လျင်မြန်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် အာဆတ်သည်  နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကာ နှစ်ပေါင်း ၅၀ ကြာအုပ်ချုပ်ခဲ့သည့် အာဆတ်မိသားစု၏ သြဇာအာဏာသည် အဆုံးသတ်သွားခဲ့သည်။

ထို့နောက် မတ်လ ၁ ရက်အထိနိုင်ငံကို အုပ်ချုပ်သွားရန် ကြားဖြတ်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။

ရှာရားကို အသွင်းကူးပြောင်းရေးကာလတွင် နိုင်ငံ၏သမ္မတအဖြစ် ခန့်အပ်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက စစ်တပ်အရာရှိ ဟက်ဆန် အဗ္ဗဒယ်ဂါနီကို ကိုးကားပြီးဖော်ပြခဲ့ကာ အသေးစိတ်ထုတ်ပြန်ခဲ့ ခြင်းမရှိပေ။

ထို့ပြင် နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှုများတွင် ရှာရားသည် ဆီးရီးယားကိုယ်စားပြုသည့် ခေါင်းဆောင်တစ်ဦးဖြစ်လာလိမ့်မည်ဟုလည်း SANA က ဖော်ပြခဲ့သည်။

နိုင်ငံအတွက် ထာဝရတည်တံ့မှုရှိသည့် အခြေခံဥပဒေ မရေးဆွဲရသေးခင်အချိန်အထိရှာရားသည် ယာယီလွှတ်တော်ကောင်စီကို ဖွဲ့စည်းခဲ့ကြောင်းနှင့် အာဆက်လက်ထက်ကလွှတ်တော်သည် ဖျက်သိမ်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ် အခြေခံဥပဒေသည်လည်း ဆိုင်းငံ့ခံထားရကြောင်း SANA က ဖော်ပြခဲ့သည်။

ရှာရား၊ နိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်ရှာအီဘာနီနှင့် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များတက်ရောက်သည့် ဆီးရီးယားတော်လှန်ရေးအောင်ပွဲနှင့်ပတ်သက်သည့် ညီလာခံတွင် ရှာရားအား သမ္မတအဖြစ်ခန့်အပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆက်လက်ထက်က စစ်တပ်နှင့် လုံခြုံရေးအေဂျင်စီများအပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံး ဖျက်သိမ်းကြောင်းလည်း အဗ္ဗဒယ်ဂါနီက ကြေညာခဲ့သည်။

“စစ်ဘက်အဖွဲ့ခွဲတွေ၊ နိုင်ငံရေးနဲ့ လူမှုရေးတော်လှန်ရေးအဖွဲ့တွေ အားလုံးကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံရဲ့ အင်စတီကျူးရှင်းထဲကို ပေါင်းစပ်ထည့်သွင်းလိုက်ပါပြီ”ဟု အဗ္ဗဒယ်ဂါနီက ကြေညာခဲ့သည်။

အစိုးရအဖွဲ့ဟောင်း၏ စစ်တပ်၊ လုံခြုံရေးအေဂျင်စီနှင့် ပြည်သူ့စစ်များအားလုံးကို ဖျက်သိမ်းကြောင်း၊ ပြည်သူများ၏လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းပြီး ဆီးရီးယားစစ်တပ်ပြန်လည်ဖွဲ့စည်းထူထောင်မည့် လုံခြုံရေး ယန္တရားတစ်ခုကို ဖွဲ့စည်းကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။

အာဆက်သည် နိုင်ငံအတွင်းမှထွက်ပြေးသွားခဲ့ပြီးနောက် ဆီးရီးယားစစ်တပ်နှင့်အခြားအဖွဲ့အစည်းများလည်း ပြိုလဲသွားခဲ့သည်။ရှာရားကမူ  ဆီးရီးယား၏ အာဏာလေဟာနယ်ကို ဖြည့်ဆည်းပေးပြီး ငြိမ်းချမ်းရေး ကိုထိန်းသိမ်းရန်၊ နိုင်ငံ့အင်စတီကျူးရှင်း များကိုပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။                                  

Ref: AFP

Most Read

Most Recent