ဗင်နီဇွဲလား နယ်စပ်နှင့် ထိစပ်နေသည့် ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်းကာတာ တမ်ဘိုဒေသတွင် ELN သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၆၀ အထိရှိလာခဲ့သည်ဟု တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ယင်းသူပုန်များသည် ကျေးရွာအများအပြားတွင် ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(FARC)၏ သဘောထား ကွဲလွဲနေသော အဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ကာတာတမ်ဘို ဒေသတစ်ဝန်းရှိ နေရာအများအပြားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ အထိရှိလာခဲ့သည်ဟု ဆိုသည်။
ELN ပြောက်ကျားသူပုန်တပ်ဖွဲ့ကို ကျူးဘားတော်လှန်ရေးမှ လှုံ့ဆော်လာခဲ့သည့် ကျောင်းသားများ၊ သမဂ္ဂခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များက ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင် ခဲ့ကြသည်။
အဆိုပါတပ်ဖွဲ့သည် ကိုလံဘီယာပြည်တွင်း၌ အင်အားလေးသောင်းခန့်ရှိသည်ဟု ယုံကြည်ရပြီး တရားမဝင် ရွှေတွင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းများကို ဗင်နီဇွဲလား နိုင်ငံပိုင်နက်နှင့် ချိိတ်ဆက် လုပ်ကိုင်နေသည်။
Ref:AFP















