ရဲ၊ တရားသူကြီး၊ ဥပဒေအရာရှိများနှင့် ပတ်သက်သည့် တိုင်ကြားစာများ ပါဝင်သော တိုင်စာ ၉၀၀ ခန့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ရောက်ရှိဟုဆို

ရဲ၊ တရားသူကြီး၊ ဥပဒေအရာရှိများနှင့် ပတ်သက်သည့် တိုင်ကြားစာများ ပါဝင်သော တိုင်စာ ၉၀၀ ခန့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ရောက်ရှိဟုဆို
Published 28 December 2016
မျိုးမင်းထက်

ရဲ၊ တရားသူကြီး၊ ဥပဒေအရာရှိများနှင့် ပတ်သက်သည့် တိုင်ကြားစာများ ပါဝင်သော တိုင်စာပေါင်း ၉၀၀ ခန့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ရောက်ရှိကြောင်း အဆိုပါကော်မတီမှ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်းကThe Daily Eleven သတင်းစာကို ပြောကြားသည်။
“၉၀၀ လောက်တော့ ရောက်ပြီဗျ။ တိုင်စာက။ အရင်တစ်ခါ ကျွန်တော်ပြောခဲ့သလိုပေါ့ဗျာ။ ပြည်ထဲရေးကို တိုင်တယ်။ တရားသူကြီးကို တိုင်တယ်။ တရားဥပဒေ အရာရှိကို တိုင်တယ်။ အဲဒါပါပဲ” ဟု ကော်မတီအတွင်းရေးမှူး ဦးအောင်တင်လင်းက ပြောကြားသည်။
ကော်မတီသို့ ရောက်ရှိလာသည့် တိုင်စာများနှင့် ပတ်သက်၍ “ကျွန်တော်တို့က ကျွန်တော်တို့လုပ်ရတဲ့ အပိုင်းဆိုရင် အယူခံသော်လည်းကောင်း တက်ဖို့အကြံပေးတယ်။ တယ်လီဖုန်းနဲ့ အကြံပေးတယ်။ စာနဲ့အကြံပေးတယ်။ တချို့လည်း လုပ်တာ အဆင်ပြေသွားပါတယ်။ တချို့လည်း အဆင်မပြေဘူးပေါ့ဗျာ။ အဲဒီလိုလုပ်ပါတယ်” ဟု ဦအောင်တင်လင်းက ဆိုသည်။
တိုင်ကြားသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း “ရဲကိုကျတော့ အမှုမဖွင့်ပေးတဲ့ ကိစ္စတွေများတယ်။ ဥပဒေအရာရှိကျတော့ မမှန်မကန် လုပ်တယ်လို့ပြောတယ်။ တရားသူကြီးကျတော့ လာဘ်စားတယ်ဆိုပြီးတော့ တိုင်တယ်။ အဲဒါမျိုးတွေပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီဆောင်ရွက်ရန်၊ ဥပဒေ နှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် အားပေးကူညီရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာ ရရှိရေးအတွက် စိစစ်ကူညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့တင်ပြရန်၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရန် လုပ်ငန်းတာဝန်များ ပေးအပ်ထားသည်။           

Most Read

Most Recent