မြန်မာနိုင်ငံအနေဖြင့် ရေကြီးရေလျှံမှုများ၊ ရေရှားပါးမှု ကြုံတွေ့နေမှုများကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်လိုကြောင်း ဂျပန်နိုင်ငံအား ဖိတ်ခေါ်

မြန်မာနိုင်ငံအနေဖြင့် ရေကြီးရေလျှံမှုများ၊ ရေရှားပါးမှု ကြုံတွေ့နေမှုများကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်လိုကြောင်း ဂျပန်နိုင်ငံအား ဖိတ်ခေါ်
Published 28 December 2016

မြန်မာနိုင်ငံအနေဖြင့် ရေကြီးရေလျှံမှုများ၊ ရေရှားပါးမှုများ ကြုံတွေ့နေမှုကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်လိုသဖြင့် ဂျပန်နိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂျပန်နိုင်ငံ Ministry of land, Infrastructure, Transport and Tourism မှ အဆင့်မြင့် အရာရှိများ တွေ့ဆုံပွဲ အချက်အလက်များအရ သိရသည်။
ဂျပန်နိုင်ငံ အနေဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရာတွင် လည်းကောင်း၊ ကြိုတင်သတိပေးစနစ်များ ဖော်ဆောင်ရာတွင် လည်းကောင်း များစွာတိုးတက်နေသည့် နိုင်ငံဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံ၏ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း (ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်) တွင် ဆရာဖြစ်သင်တန်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း ပို့ချပေးမှုအပေါ်တွင်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဆက်လက် ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖိုရမ်သို့ ကျွမ်းကျင်သူများအား ဖိတ်ကြားလိုကြောင်း၊ ယခုဆွေးနွေးပွဲသည် ဂျပန် - မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် များစွာအကျိုးရှိမည်ဟု ယူဆကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့နှင့် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport  and Tourism နှင့်သုံးနှစ်သက်တမ်းရှိ Memorandum of Cooperation ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Most Read

Most Recent