ကလေးသူငယ်များ၏ လူမှုဘ၀ လုံခြုံရေးကို ထိပါးလာသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် ထိခိုက်ခံစားရသည့် ကလေးငယ်များအား လိုအပ်မည့် အကူအညီများ ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေး ဆောင်ရွက်လျက်ရှိ

ကလေးသူငယ်များ၏ လူမှုဘ၀ လုံခြုံရေးကို ထိပါးလာသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် ထိခိုက်ခံစားရသည့် ကလေးငယ်များအား လိုအပ်မည့် အကူအညီများ ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေး ဆောင်ရွက်လျက်ရှိ
Published 28 December 2016
နီလာ

နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘ၀ လုံခြုံရေးကို ထိပါးလာသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရေး ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီဇင်ဘာ၂၇ ရက်က နေပြည်တော်၌ ကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၁၆) တွင် ပြောကြားကြောင်း သိရသည်။
ယင်းကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန် သတင်းပို့ တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များ လိုအပ်မည့် အကူအညီများ အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကလေးသူငယ် အားလုံးအတွက် အဓိကအခွင့်အရေး လေးရပ်ကို လူ့အဖွဲ့အစည်းအတွင်း ရယူနိုင်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွား ဖော်ဆောင်နိုင်ရန်အတွက် ဥပဒေ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်လျက်ရှိကြောင်း၊  ဥပဒေအနေဖြင့် ကလေးသူငယ်ဥပဒေ ၁၉၉၃ နှင့် ကလေးသူငယ် နည်းဥပဒေ၂၀၀၁ များပြဋ္ဌာန်းပေးခဲ့ပြီ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီ စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် ဝန်ကြီးဌာနမှ ဦးဆောင်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း) ကို ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ကလေးသူငယ်များအတွက် လိုအပ်သည့် အကူအညီများပေးရန် ဆောင်ရွက်ရာ၌ Action Plan များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု အသိပညာ ပေးနိုင်ရေးအတွက် လက်ကမ်းစာစောင်များ၊ လူစည်ကားရာ နေရာများတွင် Billboard များထောင်ခြင်း၊ အင်္ကျီများတွင် သက်ငယ်မုဒိမ်းမှုဆိုင်ရာ ရုပ်ပုံများ ပုံနှိပ်၍ ဖြန့်ဝေခြင်းများကို UNICEF နှင့်ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent