ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့၌ လျှပ်စစ်မီတာခများ ကောက်ခံရာတွင် အိမ်တိုင်ရာရောက် မီတာဖတ်၍ ကောက်ခံခြင်း မဟုတ်ဘဲ ခန့်မှန်းသဘောမျိုး ကောက်ခံမှုများကြောင့် မီတာခများ ကွာခြားမှုရှိနေဟုဆို

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့၌ လျှပ်စစ်မီတာခများ ကောက်ခံရာတွင် အိမ်တိုင်ရာရောက် မီတာဖတ်၍ ကောက်ခံခြင်း မဟုတ်ဘဲ ခန့်မှန်းသဘောမျိုး ကောက်ခံမှုများကြောင့် မီတာခများ ကွာခြားမှုရှိနေဟုဆို
Published 28 December 2016
ကျော်ထင်၊ ထက်ရှိုင်း

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့၌ လျှပ်စစ်မီတာခများ ကောက်ခံရာ၌ အိမ်တိုင်ရာရောက် မီတာဖတ်၍ ကောက်ခံခြင်း မဟုတ်ဘဲ ခန့်မှန်းသဘောဖြင့် ကောက်ခံမှုများကြောင့် မီတာခများ ကွာခြားမှုရှိနေကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ပြောကြားသည်။
“ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့၌ လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုကို လေ့လာကြည့်မည်ဆိုလျှင် အိမ်တိုင်ရာရောက် မီတာဖတ်ပြီး ကောက်ခံခြင်းမျိုး မဟုတ်ဘဲ ခန့်မှန်းသဘောဖြင့်သာ ကောက်ခံမှုများ ရှိနေပါတယ်။ ထို့ကြောင့် မီတာခများဟာဆိုလျှင် ပုံမှန်ကျသင့်ငွေအတိုင်း မဟုတ်ဘဲ များတဲ့အခါများ၊ နည်းတဲ့အခါနည်းပြီး ကွာခြားမှုများလည်း ရှိနေပါတယ်” ဟု ဒေါ်အေးအေးမာက ပြောကြားသည်။
ထို့ကြောင့် ရပ်ကွက်နေပြည်သူများက မီတာခကို သုံးလျှင်သုံးသလောက် ကျသင့်ငွေ ပေးသွင်းချင်ကြောင်း၊ သို့သော် တစ်ခါတစ်ရံ၌ သုံးသည့်ပုံစံ အတူတူဖြစ်သော်လည်း မီတာခမှာ တစ်လနှင့် တစ်လမတူဘဲ နည်းသည့်လက နည်းသလို များသည့်လက များသည်ဆိုသည့်အသံများ ကြားသိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ မီတာခများ မိမိသုံးစွဲသည်ထက် ပိုမိုကျသင့်နေသည့်ကိစ္စ လစဉ်ဖြစ်ပေါ်နေသည်ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးထံမှ သိရသည်။
သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် မိမိသုံးစွဲသည့် လျှပ်စစ်ဓာတ်အား ယူနစ်ကို ဖတ်ရှုနိုင်မည့် (AMR - Automatic Meter Reading) စနစ်ကို ပြောင်းလဲရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ထို့ပြင် လာမည့်နွေရာသီတွင် ပြည်သူလူထုက လျှပ်စစ်မီးနှင့် ပတ်သက်၍ စိုးရိမ်မှုဖြစ်ပေါ်နေပြီး လက်ရှိ ဆောင်းရာသီ၌ပင် ရာသီဥတုပူ၍ ပန်ကာ၊ အဲကွန်းများ ဖွင့်ထားရသဖြင့် နွေရာသီကာလတွင် ရာသီဥတု ပိုမိုပူပြင်း၍ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မည်ကို စိုးရိမ်နေရကြောင်း လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာကဆိုသည်။
လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရန် စုစုပေါင်း မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံဖြင့် ဖြည့်ဆည်းပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
လာမည့် နွေရာသီအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည့်ဝကောင်းမွန်သည့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး ဆောင်ရွက်နေသည့် အစီအစဉ်နှစ်ခု ရှိကြောင်း၊ အစီအစဉ် (၁) အလုံဓာတ်အားပေးစက်ရုံ၏ တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုတွင် မဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေး စက်ရုံတစ်ရုံကို စတင်ဆောင်ရွက်နေကြောင်း၊ အစီအစဉ် (၂) သန်လျင်-သီလဝါ အထက်ပိုင်းတွင် သင်္ဘောဖြင့် တင်လာမည့် မဂ္ဂါဝပ် ၃၀၀ လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် မီတာမတပ်ဘဲ နည်းအမျိုးမျိုးဖြင့် ခိုးယူသုံးစွဲမှုများ ရှိကြောင်း၊ တရားမဝင် လျှပ်စစ်သုံးစွဲမှုများထဲတွင် တိုက်ရိုက်ခိုးယူသုံးစွဲမှုက အများဆုံးဖြစ်ကြောင်း၊ ထိုသို့ ခိုးယူသုံးစွဲခြင်း နည်းအမျိုးမျိုးကြောင့် ယခုနှစ် ဇူလိုင်မှစ၍ သုံးလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၅၀၄၀၀၀ ကျော်ဆုံးရှုံးရပြီး ကျပ်ငွေ ၅၁ သန်းကျော် တိုင်းပြည် ဘဏ္ဍာအတွက် ဆုံးရှုံးရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ဆက်လက်ပြောကြားသည်။

Most Read

Most Recent