ပြည်ပရောက် အလုပ်သမားများအတွက် အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းရန် စီစဉ်

ပြည်ပရောက် အလုပ်သမားများအတွက် အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းရန် စီစဉ်
Published 28 December 2016
အောင်ရဲကို

ပြည်ပရောက် အလုပ်သမားများအတွက် အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး အထောက်အကူပြုစေရန်အတွက် အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားလက်ခံသော နိုင်ငံများနှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိရန်၊ ပြည်ပတွင် ရောက်ရှိနေသော အလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့် အခတ်အခဲများ ကြုံ တွေ့ရခြင်းတို့အတွက် ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်နိုင်ရေးအတွက် သတင်းအချက်အလက်၊ အသိပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား စေလွှတ်သော နိုင်ငံများအနေဖြင့်လည်း ခေါင်းပုံဖြတ်မှုကင်းရန်၊ ကုန်ကျစရိတ် အနည်းဆုံးဖြစ်ရန်၊ ရွှေ့ပြောင်းအလုပ်သမားများအတွက်  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားထားသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများ အခွင့်အရေးအပြည့်အဝရရှိရန် ဂျပန်နှင့် မြန်မာ အစိုးရတို့ မကြာမီ နားလည်မှုစာချွန်လွှာ ရေးထိုးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လာမည့်နှစ် ဇန်နဝါရီမှစ၍  ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစား သက်သေခံလက်မှတ် ပြောင်းလဲထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် အာဆီယံနိုင်ငံများ ဖြစ်သည့် မလေးရှား၊ ထိုင်း စသည့်နိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိသော နိုင်ငံများသို့ သွားရောက်လျက်ရှိကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် လုပ်သားအရေအတွက်မှာ တစ်သန်းကျော်ရှိပြီး တရားမဝင် သွားရောက်လုပ်ကိုင်သူများလည်း ရှိကြောင်း သိရသည်။
 

Most Read

Most Recent