အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းနှင့် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် ထိခိုက်လျက်ရှိသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကို ပြန်လည် တည်ငြိမ်စေရေး အစိုးရသို့ ကုန်သည်စက်မှု အသင်းချုပ်မှ အကြံပြုမည်

အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းနှင့် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် ထိခိုက်လျက်ရှိသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကို ပြန်လည် တည်ငြိမ်စေရေး အစိုးရသို့ ကုန်သည်စက်မှု အသင်းချုပ်မှ အကြံပြုမည်
Published 28 December 2016
အောင်ရဲကို

အောက်တိုဘာမှ ဒီဇင်ဘာအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းနှင့် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် ထိခိုက်မှု ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကို ပြန်လည် တည်ငြိမ်စေရေး အစိုးရသို့ ကုန်သည်စက်မှု အသင်းချုပ်မှ အကြံပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုန်သည်စက်မှု အသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရ ‘နိုင်ငံခြား ငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေး ကုန်သည်စက်မှု အသင်းချုပ် အကြံပြုမည်’ ခေါင်းစဉ်ဖြင့် ငွေကြေးဈေးကွက်ဆိုင်ရာ အကြံပြုချက်၊ နိုင်ငံခြားငွေများ ပိုမိုရရှိလာစေရေး အကြံပြုချက်၊ ကျပ်ငွေဝယ်လိုအား မြှင့်တင်ရေး အကြံပြုချက်၊ ပို့ကုန်-သွင်းကုန်ဆိုင်ရာ အကြံပြုချက်နှင့် ရေရှည်ဆောင်ရွက်ရမည့် အကြံပြုချက်များ ပါဝင်ခဲ့သည်။
လက်ရှိငွေလဲနှုန်းများ မြင့်တက်နေခြင်းသည် မြန်မာ့ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မားနေခြင်းကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်လာကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာကြောင်း၊ အဓိကအကြောင်းရင်းများမှာ ကုန်သွယ်မှုလိုငွေ မြင့်မားနေခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်းနေခြင်းနှင့် ဒေါ်လာဈေး ကစားကြသူများကြောင့်ဟု အနှစ်ချုပ် အကြံပြုချက်တွင် ဖော်ပြခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် လိုအပ်ပါက Free Floating Exchange Rate အစား Managed Floating  Exchange Rate စနစ်ကို ပြောင်းလဲကျင့်သုံးပြီး ငွေကြေးဈေးကွက် မတည်ငြိမ်မှုများအား ပျော့ပျောင်းသောနည်းဖြင့် ထိန်းညှိပေးရန်၊ ဗဟိုဘဏ်မှ ငွေကြေးဈေးကွက်အား လိုအပ်ပါက ဝင်ရောက် ထိန်းညှိမည်ဖြစ်ကြောင်း ငွေကြေး ဈေးကစားသူများအား သတိပေးသည့် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြေညာရန်၊ ငွေကြေး ဈေးကွက်အတွင်း ဈေးနှုန်းထိန်းညှိခြင်း ပိုမိုလွယ်ကူစေရန် တရားမဝင် ငွေကြေးဈေးကွက်အား တိုက်ဖျက်ပြီး ဘဏ်လုပ်ငန်းများနှင့် အသုံးပြုသူများအကြားသာ တိုက်ရိုက် အရောင်းအဝယ်ပြုစေရန်နှင့် နိုင်ငံခြား ဘဏ်အကောင့်မှ တစ်နေ့လျှင် အများဆုံး ဒေါ်လာ ၅၀၀၀ ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်သာ ငွေထုတ်ယူရန် သတ်မှတ်တားမြစ် ထားမှုအား ချက်ချင်းပယ်ဖျက်ရန် ကုန်သည်စက်မှု အသင်းချုပ်၏ ငွေကြေးဈေးကွက်ဆိုင်ရာ အကြံပြုချက်က ဆိုသည်။
နိုင်ငံခြားငွေ ပိုမိုရရှိလာစေရေး အကြံပြုချက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုရာ ငွေကြေး အရင်းအနှီးများအား ပြည်တွင်းသို့ သယ်ယူကာ လည်ပတ်စေမည့် လုပ်ငန်းများအား ဦးစားပေးခြင်းနှင့် ပြည်တွင်း အမှန်တကယ် လည်ပတ်စေခြင်းရှိမရှိ စစ်ဆေးကြပ်မတ်စေခြင်း၊ နိုင်ငံခြားရောက် မြန်မာလုပ်သားများ၏ ပြန်ပို့ငွေများ တရားဝင် နည်းလမ်းများမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာရေးနှင့် နိုင်ငံခြားဘဏ်များ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် ကိန်းအောင်းနေသော နိုင်ငံခြားငွေများ မြန်မာ့ဈေးကွက်သို့ စီးဆင်းလည်ပတ်စေရေး ဆောင်ရွက်ရန်၊ ပို့ကုန်နှင့် ပြန်လည်ပို့ကုန်မှ ရရှိသော နိုင်ငံခြားငွေများ ပြည်တွင်း၌ ဝင်ရောက်လာမှုရှိမရှိ စစ်ဆေးအရေးယူရန် တိုက်တွန်းထားသည်။
အလားတူ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများ (ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA စသည်ဖြင့်) မှပေးအပ်ရန် ကတိပြုထားသည့် ငွေကြေး ထောက်ပံ့ငွေပေါင်း ဒေါ်လာ လေးဘီလျံကျော်အား လျင်မြန်ထိရောက်စွာ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ ကူညီရန် ဆက်လက် တိုက်တွန်းခဲ့သည်။ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ (ဥပမာ-ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း၊ လေကြောင်းခရီးစဉ်၊ အကြံပေးဝန်ဆောင်မှု၊ လူသုံးကုန်ထုတ် လုပ်ငန်းနှင့် လစာပေးချေခြင်းများ၊ ငွေလွှဲပေးချေမှု) တွင်ကျပ်ငွေကိုသာ အသုံးပြရေး မူဝါဒချမှတ်ရန်၊ အကြွေးဝယ်ကတ်များ အသုံးပြု၍ ကျပ်ငွေလွှဲပြောင်းမှုများ တိုးမြင့်လာစေရေး အစိုးရမှ တွန်းအားပေးရန်လိုကြောင်း ဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၁၉၀ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်ဒေါ်လာကျပ် ၁၃၇၃ ကျပ်ရှိနေသည့်အပြင် တစ်ဒေါ်လာကျပ် ၁၄၃၈ ကျပ်အထိ စံချိန်တင် ဈေးနှုန်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။