ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်ကျောင်း၌ သုံးရက်ကြာ ကျင်းပ

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်ကျောင်း၌ သုံးရက်ကြာ ကျင်းပ
Published 28 December 2016
ကျော်ဇင်ဝင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျရောက်မည့် ကရင့်သက္ကရာဇ်၂၇၅၆ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် (၇၉) ကြိမ်မြောက် ကရင့်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများနှင့် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းများ ထည့်သွင်းပြသထားသည့် ယဉ်ကျေးမှုပြခန်း၊ သတင်းနှင့် ပြန်ကြားရေးပြခန်းဖွင့်ပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာ၊ အာလိန်ငါးဆင့်ကျောင်း၌ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ယဉ်ကျေးမှုပြခန်း ဥက္ကဋ္ဌ မန်းမောင်မောင်အေးက ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်) ဥက္ကဋ္ဌပါမောက္ခ မန်းရွှေပြည်အေးက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ AOC အဖွဲ့က သံစုံတီးခတ် ဖျော်ဖြေခြင်းနှင့် ဖွင့်ပွဲတက်ရောက်လာသည့် ကရင်တိုင်းရင်းသားများက AOC အဖွဲ့၏ တီးခတ်မှုနှင့်အတူ ကရင်အမျိုးသားသီချင်း သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့လူမျိုးတွေမှာ ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိတို့ရဲ့ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ဆိုတာရှိတယ်။ ဒါပေမဲ့လူတွေက ယဉ်ကျေးမှုဆိုတာ ဘာလဲ၊ ရိုးရာဓလေ့ဆိုတာ ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိကြဘူး။ ယဉ်ကျေးမှုဆိုတာ ဘာနဲ့ဆိုင်သလဲ သူ့ရဲ့အဓိပ္ပာယ် သတ်မှတ်ချက်ကို ပြန်ကြည့်လို့ရှိရင် အဲဒီလူမျိုးရဲ့ ဝတ်တဲ့အဝတ်၊ အဲဒီလူမျိုးရဲ့ စားတဲ့အစားအသောက်၊ အဲဒီလူမျိုးရဲ့ စိတ်နေသဘောထား ပွင့်လင်းတယ်။ ဖြောင့်မတ်တယ်။ လိမ်တာညာတာမပါဘူး။ အဲဒီလူမျိုးတွေရဲ့ အနုပညာ၊ ဒါကယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စပဲဖြစ်တယ်။ ရိုးရာဓလေ့ကျတော့ ဒီကနေ့အထိ ကျွန်တော်တို့ ကရင်လူမျိုးတွေမှာ အရိုးကောက်တာ လုပ်ကြတယ်။ လက်ချည်ပွဲတွေ လုပ်တယ်။ ဒီဟာတွေဟာ ဘာသာရေးနဲ့ မပတ်သက်တဲ့ အရာတွေဆိုတော့ ဒါတွေဟာ ရိုးရာဓလေ့ဖြစ်တယ်။ ဒါကိုကွဲကွဲပြားပြား နားလည်နိုင်ဖို့ လိုပါတယ်။ အဲဒီတော့ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေရှိသလို ဒီကနေ့ ယဉ်ကျေးမှု၊ သတင်းနဲ့ပြန်ကြားရေး၊ ကျွန်တော်တို့ရဲ့ ကရင်လူမျိုးတွေ၊ ဟိုးကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ထားသွားခဲ့တဲ့ အမွေတွေဟာ ဒါတွေပဲ။ ဒါကိုပြန်ပြီးတော့ အတိတ်ကာလကို ပြန်လည်တူးဆွဖို့ လိုပါတယ်။ အတိတ်ကာလကို ပြန်လည်တူးဆွပြီးရင် နာကျင်မှုတွေ၊ နာကြည်းမှုတွေ၊ ခါးသီးမှုတွေ ဖြစ်ပေါ်ဖို့မဟုတ်ဘူး။ အဲဒီအတိတ်ကာလ ဖြစ်လာတဲ့အရာတွေကို ကျွန်တော်တို့က သင်ခန်းစာယူပြီးတော့ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပေါင်းစပ်ပြီး အနာဂတ်ကို ကျွန်တော်တို့ ဘယ်လိုလျှောက်လှမ်းမလဲ ဆိုတာကို လေ့လာသုံးသပ် ဆင်ခြင်ဖို့လိုပါတယ်” ဟု ပါမောက္ခမန်းရွှေပြည်အေးက ပြောကြားသည်။
အာလိန်ငါးဆင့် ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကရင်ယဉ်ကျေးမှုပြခန်း၊ သတင်းနှင့် ပြန်ကြားရေးပြခန်းအတွင်း ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းရှာတို့၏ ဦးခေါင်းပုံရုပ်တုများ၊ နိုင်ငံတော်၏ အဆင့်မြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်တိုင်းရင်းသားများဖြစ်သော သမ္မတ မန်းဝင်းမောင် အပါအဝင် စစ်ဘက် ခေါင်းဆောင်အချို့ ဓာတ်ပုံများ၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ရရှိရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သော ကရင်အမျိုးသား လွှတ်တော်အမတ်များ၏ ဓာတ်ပုံများ၊ ကရင်သမိုင်းကြောင်းဆိုင်ရာ စာတမ်းအချို့နှင့် ယဉ်ကျေးမှု အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ စသည်တို့ ပြသထားသည်။
ရန်ကုန်မြို့ အာလိန်ငါးဆင့်ကျောင်း၌ ကျင်းပသည့် ၂၇၅၆ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နံနက်ပိုင်း၌ ကရင်အမျိုးသား အလံတင်အခမ်းအနား ပြုလုပ်မည်ဖြစ်ကာ ပွဲတော်ကာလအတွင်း ဒုံးယိမ်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                              

Most Read

Most Recent