ကေအိုင်အေ၏ လိုင်ဖောင်စခန်းကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

ကေအိုင်အေ၏ လိုင်ဖောင်စခန်းကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
Published 28 December 2016
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကေအိုင်အေ၏ လိုင်ဖောင်စခန်းကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေ အခိုင်အမာ တပ်စွဲထားသည့် ဂီဒွန်စခန်းအပါအဝင် ကာကင်းစခန်းများအား တပ်မတော်က သိမ်းပိုက်ပြီးနောက် မြစ်ကြီးနား ဗန်းမော်ကားလမ်းအရှေ့ဘက် ခုနစ်မိုင်ခန့်အကွာရှိ ကေအိုင်အေတပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) ဌာနချုပ်ရှိရာ ပွိုင့် ၇၆၈ (လိုင်ဖောင်) စခန်းကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်းများက  သွေးတိုးစမ်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြင်ဆင်ကာ အသေးစိတ် စီမံချက်ချပြီး ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှ စ၍လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီတွင် ပထမစခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် အဓိကခံစစ်ကုန်းနှင့် စခန်းငယ် ခြောက်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
လိုင်ဖောင်စခန်းမှာ ဂီဒွန်စခန်းနှင့်အပြိုင် နန့်တဘက်ချောင်းတစ်ဖက်စီတွင် တပ်ခွဲအခြေပြုထားသည့် စခန်းကြီးတစ်ခုဖြစ်ပြီး ကေအိုင်အေဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့ နှင့် အမှတ် (၆) နယ်ခြားမှတ်တိုင် ခန်မှန်းမြေပုံညွှန်း (MJ-122995 ) တစ်ဝိုက်ရှိ ၎င်းတို့စခန်းများနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှုရှိစေရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်းနှင့် ၎င်းလမ်းကြောင်းမှတစ်ဆင့် တပ်မဟာ (၁) နယ်မြေ အင်ဂွန်လဒေသသို့ ဆက်သွယ်ရာအတွင်း လမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးနေပြီး သိရှိရပါက သတင်းထုတ်ပြန်ပေး မည်ဟုလည်း ပါရှိသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ကေအိုင်အေလိုင်ဖောင်စခန်းကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ ရက်ဆက်နေပြီဖြစ်ပြီး ကျ၊ မကျကို မသိရသေးကြောင်း၊ ယင်းစခန်းများမှာ လိုင်စင်နှင့် လိုင်ဇာတို့၏ ရှေ့တန်းစခန်းများ ဖြစ်သောကြောင့် ကချင်လူထုတစ်ရပ်လုံး လိုင်ဇာမြို့အတွက် စိတ်ပူပန်နေကြောင်း၊ ကေအိုင်အေ အဖွဲ့အနေဖြင့် လက်တုန့်ပြန်မည့်အစီအစဉ်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ အဓိက ဦးတည်နေသည်မှာ ယခင်ကတည်းကဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ဖြေကြားခဲ့သည်။
တပ်မတော်က ကေအိုင်အေ ဂီဒွန်စခန်းကို ဒီဇင်ဘာ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း သိရပြီး ယင်းစခန်းကို သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုငအဖွဲ့ ကေအိုင်အေတို့သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆမားကျေးရွာဟောင်းဝန်းကျင်ရှိ  ဂီဒွန်၊ လိုင်ဖောင်း၊ အင်ခရမ်း ကေအိုင်အေရှေ့တန်း စခန်းဝန်းကျင်တွင် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်မှာ ငါးလဝန်းကျင်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ လိုင်ဖောင်း၊ အင်ခရမ်း၊ ဂီဒွန် စခန်းဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေမှု နှင့်ပတ်သက်ပြီး အောက်တိုဘာ ၆ ရက်တွင် တပ်မတော်မှ ထိုးစစ်ရပ်ဆိုင်းရန် မြစ်ကြီးမြို့တွင် ကချင်တိုင်းရင်းသား ၂၀၀၀၀ ကျော် လမ်းလျှောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ယင်းဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်ကျဆုံးမှု အများအပြားရှိခဲ့သည်ဟု သိရသော်လည်း တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖွဲ့စလုံးက ကျဆုံးမှုကို ယနေအချိန်အထိ  ထုတ်ပြန်ခြင်း မရှိသေးပေ။

Most Read

Most Recent