တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 27 December 2016
ကျော်ဇင်ဝင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများသည် ပြည်တွင်းငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်ထားကြသည့် အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရေးမှာ အဓိက လိုအပ်ချက်ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် တပ်မတော် အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ် ချမှတ်ထားပြီးဖြစ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ အပြုအမူ အပြောအဆိုကြောင့် နိုင်ငံတော်၏ ရည်မှန်းချက်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာ ပျက်ပြားညှိုးနွမ်းမှု မရှိစေရေး အထူးဂရုပြု နေထိုင် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူ  မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုများအရ “တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဆိုသည့် စကားရပ်မှာ မည်သည့်ခေတ်တွင်မဆို အမြဲမှန်ကန်မှု ရှိနေမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်ကို ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်လျက်ရှိရာတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ထက်မြက် မြင့်မားနေစေရေး အစဉ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုက်စွမ်းရည် မြင့်မားစေရန် လေ့ကျင့်ရေးနှင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုက်စွမ်းအား မြင့်မားစေရန်အတွက် နည်းပညာနှင့် စွမ်းရည်မြင့်မားသည့် စစ်လက်နက်၊ အသုံးအဆောင် ပစ္စည်းများ ဖြည့်တင်းပြီး အသုံးချနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် တပ်မတော်၏ လုပ်ငန်းစဉ်အတိုင်း တာဝန်ထမ်းဆောင်ချိန် တစ်လျှောက်လုံး ကျင့်ကြံသွားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်၏ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ လိုက်နာ ကျင့်ကြံနေထိုင်ပြီး တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရသည့်အပြင် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေနှင့် စည်းကမ်းများကို နိုင်ငံသားတစ်ဦး အနေဖြင့်လည်း လိုက်နာကြရသူများ ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတကာတွင် လက်ခံ ကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကိုလည်း သိရှိ လိုက်နာကြရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent