လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများအပေါ် ဝန်ကြီးဌာန၊ အစိုးရများ၏ ဆောင်ရွက်မှု အခြေအနေများအား လွှတ်တော်ပုံမှန် အစည်းအဝေးပြီးတိုင်း လွှတ်တော်ကော်မတီ ကွင်းဆင်း စိစစ်မည်

လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများအပေါ် ဝန်ကြီးဌာန၊ အစိုးရများ၏ ဆောင်ရွက်မှု အခြေအနေများအား လွှတ်တော်ပုံမှန် အစည်းအဝေးပြီးတိုင်း လွှတ်တော်ကော်မတီ ကွင်းဆင်း စိစစ်မည်
Published 27 December 2016
မျိုးမင်းထက်

ပြည်သူ့လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများအပေါ် ဝန်ကြီးဌာန၊ အစိုးရများ၏ ဆောင်ရွက်မှုများ အခြေအနေများအား လွှတ်တော်ပုံမှန် အစည်းအဝေးပြီးတိုင်း ကွင်းဆင်းစိစစ်မည်ဟု ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။
ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာမေဝင်းမြင့်က “ပြီးတဲ့ဟာလည်း ရှိတယ်။ ဆောင်ရွက်ဆဲဟာလည်း ရှိတယ်။ နောက်သူတို့ ကတိပြုပြီးတော့ သူတို့ဌာနဘက်ကနေပြီးတော့မှ ကတိဖျက်ခိုင်းတာတွေ ရှိတယ်။ ကောလင်းက ကိစ္စဆိုရင် ဦးမျိုးဇော်အောင် တင်ထားတဲ့အထဲမှာ ပြဒါးပေါ့။ ပြဒါးစနစ်တွေက ရေဆိုးတွေကနေပြီးတော့မှ စွန့်ထုတ်လိုက်တဲ့အခါမှာ ရွာသားတွေက ရောဂါဖြစ်စေတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ပေးပါလို့ ဆိုပြီးတော့ ကိုယ်စားလှယ်က တင်တာလေ။ ဒါပေမဲ့ ဝန်ကြီးက ဘာပြောလဲဆိုတော့ တကယ်ကို ထိခိုက်လို့ ကျန်းမာရေးကို ထိခိုက်တယ်ဆိုရင် ပိတ်သင့်ရင် ပိတ်ပေးမယ်လို့ပြောတော့ ကတိပြန်ဖြစ်သွားတယ်။ တကယ့်တကယ် အန်တီတို့က ဆင်းကြည့်လိုက်တယ်။ အန်တီတို့ အဖွဲ့ဝင်တွေလေ။ ဆင်းကြည့်လိုက်တဲ့ အခါကျတော့ ရွာသားတွေကိုယ်က မပိတ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဲဒီမှာ အလုပ်လုပ်နေတာတွေ အများကြီး သူတို့သားသမီးတွေက အလုပ်တွေ ရနေကြတယ်။ အစိုးရကသာ ကျန်းမာရေးနဲ့ ညီညွတ်အောင်သာ လုပ်ပေးမယ်ဆိုရင် မပိတ်ပင်ဖို့။ သူတို့ဆန္ဒကိုက မရှိဘူး။ ဒါမျိုးတွေပေါ့နော်။ လက်တွေ့နဲ့ နည်းနည်း ကွာဟနေတာလေးတွေ ရှိတယ်လေ။ အန်တီတို့က ပြန်ညှိမယ်” ဟု ပြောကြားသည်။
“အန်တီတို့ကတော့ စဉ်းစားထားတယ်။ စတုတ္ထအကြိမ်ပြီးရင် အန်တီတို့က ပိတ်တိုင်း၊ ပိတ်တိုင်းမှာ ဆင်းကြည့်သင့်တဲ့ဟာတွေကို အန်တီတို့အဖွဲ့က ဆင်းကြည့်ဖို့ ဆုံးဖြတ်ထားပြီးသား ရှိပါတယ်။ ဘယ်လောက်အထိ လုပ်ထားပြီးပြီလဲ ဆိုတာတွေကို တစ်ခါတလေကျရင် တင်တာတွေ နည်းနည်းကွာတယ်” ဟု ဒေါက်တာမေဝင်းမြင့်က ဆက်လက် ပြောကြားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသည့် လမ်း၊ တံတားများအနက် အချို့မှာ အချိန်တိုအတွင်း ပျက်စီးခဲ့သည့်မှာ မှန်ကန်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နေပြည်တော်တွင် ဒီဇင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသော လမ်း၊ တံတားများ အချိန်တိုအတွင်း ပျက်စီးနေပါသဖြင့် တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအား ပြန်လည်ပြုပြင်စေခြင်း၊ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆိုခြင်း၊ နာမည်ပျက် စာရင်းသွင်းခြင်း ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ” တို့နှင့် ပတ်သက်သည့် မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ထိန်းကွပ်ကြီးကြပ် စစ်ဆေးခြင်း လုပ်ငန်းများကို ယခင်က မရှိခဲ့သော Third Party များအား အပ်နှံ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီများမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်၌ ပြောကြားထားသည်။

Most Read

Most Recent