တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SNLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SNLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 27 December 2016
ကျော်ဇင်ဝင်း

တပ်မတော်နှင့် တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာမှ ဒေသခံ သုံးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဝင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
အဆိုပါ အရပ်သား သေဆုံးခဲ့သည့်အထိ ဖြစ်ပေါ်ခဲ့သော တပ်မတော်နှင့် TNLA အကြားတိုက်ပွဲမှာ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ညောင်မောင်းကျေးရွာတစ်ဝိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ လေကြောင်းပစ် ကူရယူသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အရပ်သားသုံးဦးသေတယ်။ ကျွန်တော်ကြားတာ တစ်အိမ်တည်းကို လက်နက်က ၁၃ လုံးလောက် ကျတာပေါ့။ အခုလောလောဆယ် ကျောက်မဲဆေးရုံပေါ်မှာ အမျိုးသားလူနာသုံးဦး ရှိတယ်။ အမျိုးသမီးလူနာ နှစ်ဦးရှိတယ်။ ပြီးတော့မှ ရဟန်းတစ်ပါးပေါ့။ ရွာမှာက ကိုရင်နှစ်ပါး ကျန်သေးတယ်။ သူတို့ဒဏ်ရာ မပြင်းထန်ဘူးလို့ ယူဆတဲ့သူပေါ့လေ။ အခုလောလောဆယ် ဒီမှာဆင်းပြီး ဆေးကုဖို့ ခေါ်ထားတယ်။ အခုလောလောဆယ် အတည်မပြုနိုင်သေးဘူး။ ရွာသားတွေပြောတဲ့ သတင်းအရဆိုရင် အဲဒီညောင်မောင်းရွာအဝင် တောင်ပေါ်စခန်းမှာ TNLA က တပ်စွဲထားတော့လေ။ စစ်တပ်က တက်ရခက်တဲ့ အချိန်ကျတော့ လေယာဉ်ပစ်ကူခေါ်ပြီး ပစ်တဲ့ သဘောပေါ့လေ။ TNLA တပ်စွဲတဲ့တောင်နဲ့ ရွာနဲ့ကြားထဲ ညပ်နေတာဗျ။ ပြီးတော့ သေတဲ့သုံးဦးကလည်း တစ်အိမ်တည်း ဖြစ်နေတယ်” ဟု စိုင်းထွန်းဉာဏ်က ပြောကြားသည်။
ကျောက်မဲမြို့နယ်၌ TNLA နှင့် တပ်မတော်တို့ကြား ဒီဇင်ဘာ ၂၆ ရက်က နံနက်ပိုင်းတွင် တော့စန်ကျေးရွာအနီး၌ လည်းကောင်း၊ ဂျဘော့ကျေးရွာနှင့် တော့စန်ကျေးရွာကြား၌ လည်းကောင်း၊ ညနေပိုင်းတွင် ညောင်မောင်းကျေးရွာအနီးတို့၌ လည်းကောင်း တိုက်ပွဲ လေးနေရာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ဒီအချိန်မှာကတော့ ငြိမ်းချမ်းရေးနဲ့ အားလုံးဘယ်လို စဉ်းစားမလဲပေါ့။ ကျွန်တော်တို့ကလည်း လူကြီးတွေကို Report တက်ထားတယ်။ ဒီကိစ္စတွေက ဒီအတိုင်း ကြာသွားရင်တော့ ကျောက်မဲဒေသက အားလုံးဒုက္ခရောက်သွားလိမ့်မယ်။ တစ်ခြမ်းလုံးပေါ့လေ။ ထွက်ပြေးတာလည်း ထွက်ပြေးနေပြီ။ စစ်ပွဲ မဖြစ်သော်လည်း တပ်သားစုဆောင်းရေးကို ကြောက်တာနဲ့ ထွက်ပြေးတာလည်း ရှိတယ်။ ဒါကြောင့်ဒီကိစ္စက အစိုးရက မြန်မြန်ဆွေးနွေးဖို့တော့ လိုတယ်။ ပစ်ခတ်တိုက်ခိုက်မှု အနေနဲ့ လမ်းကြောင်း မအောင်မြင်နိုင်တော့ဘူး။ ဆိုလိုချင်တာတော့ မပြီးပြတ်နိုင်တော့ဘူး ဆိုရင်တော့ ဆွေးနွေးတာ အကောင်းဆုံးပဲလေ။ အဲဒီလိုပဲ တိုက်တွန်းချင်တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောကြားသည်။
ထို့ပြင် မိုးမိတ်မြို့ အရှေ့မြောက်ဘက် ရှစ်မိုင်ခန့် အကွာရှိ မိုးဘုံကျေးရွာနေ ဦးစောမောင်နှင့်တကွ ကျားသုံးဦး၊ မသုံးဦး၊ စုစုပေါင်း ခြောက်ဦးတို့အား ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက TNLA လက်နက်ကိုင် အဖွဲ့ဝင် ခြောက်ဦးက မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ပန်ဟိုင်းကျေးရွာဘက်သို့ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဖမ်းဆီး ခေါ်ဆောင်သွားသူများအား အမြန်ဆုံး ပြန်လည် တွေ့ရှိရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်ဟု ဒီဇင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။ 

Most Read

Most Recent