သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အခြား မသင်္ကာဖွယ် ဖုန်းသုံးလုံးအား နေပြည်တော် CID က ပျောက်ဆုံး အချက်အလက်များ ထုတ်ဖော်ပြီး ဖြစ်သဖြင့် တိုင်းရဲတပ်ဖွဲ့က သွားရောက်ယူဆောင်ကာ စစ်ဆေးမည်ဟု ဆို

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အခြား မသင်္ကာဖွယ် ဖုန်းသုံးလုံးအား နေပြည်တော် CID က ပျောက်ဆုံး အချက်အလက်များ ထုတ်ဖော်ပြီး ဖြစ်သဖြင့် တိုင်းရဲတပ်ဖွဲ့က သွားရောက်ယူဆောင်ကာ စစ်ဆေးမည်ဟု ဆို
Published 27 December 2016
ဌေးလှအောင်

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းအား လုပ်ကြံ သတ်ဖြတ်ခဲ့သည့် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ကိုစိုးမိုးထွန်း၏ ကျန်ရစ်ခဲ့သည့် ဖုန်းနှစ်လုံးနှင့် အခြား မသင်္ကာဖွယ်ရာ ဖုန်းသုံးလုံးတို့ကို နေပြည်တော် CID တပ်ဖွဲ့ထံ ဒီဇင်ဘာ ၂၃ ရက်က ပေးပို့ထားမှုမှာ ထုတ်ဖော်ပြီး ဖြစ်သဖြင့် မကြာမီ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အချက်အလက်များနှင့် ပတ်သက် ဆက်စပ်မှုတို့ကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သေဆုံးသူ ကိုစိုးမိုးထွန်း ကျန်ရစ်ခဲ့သည့် လက်ကိုင်ဖုန်း နှစ်လုံး၊ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့် KTV ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတို့၏ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အခြား မသင်္ကာဖွယ်ရာ ဖုန်းတစ်လုံးတို့ကို နေပြည်တော် CID အမှုစစ် အဖွဲ့ထံ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သွားရောက်ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖုန်းများအတွင်းမှ ဖျက်ထားသည့် ဖုန်း Calls များ၊ SMS များ၊ Viber SMS များ၊ Facebook SMS များ အစရှိသည့် ဖုန်းများ အတွင်းမှ ဖျက်ထားမှုများကို ပြန်လည်ဖော်ထုတ်၍ အချက်အလက်များ ရယူကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် နေပြည်တော် CID တပ်ဖွဲ့က ပျောက်ဆုံးနေသည့် အချက်အလက်များကို ထုတ်ဖော်ပြီး ဖြစ်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သွားရောက်ယူဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။
လက်ရှိတွင် Eleven Media Group ၏ မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုနှင့် ပတ်သက်၍ KTV တစ်ခုမှ ဆိုင်မန်နေဂျာ တစ်ဦးနှင့် ဝန်ထမ်းတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး အမှုနှင့် ပတ်သက်သည့် မသင်္ကာသူများကို ထပ်မံ ဖမ်းဆီးနိုင်ရန်အတွက် စုံစမ်းမှုများ စစ်ဆေးမှုများ ထပ်မံပြုလုပ်လျက် ရှိကြောင်း မုံရွာမြို့မ ရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ကျွန်တော်တို့ ကိုစိုးမိုးထွန်းရဲ့ ဖုန်းနှစ်လုံးနဲ့ အခြား မသင်္ကာဖွယ်ရာရှိတဲ့ ဖုန်းသုံးလုံးကို နေပြည်တော် CID ဆီကို ပေးပို့ပြီး ပျောက်ဆုံးနေတဲ့ အချက်အလက်တွေ ရရှိဖို့ ဆောင်ရွက်ထားပါတယ်။ အခု နေပြည်တော် CID က စစ်ဆေးထုတ်ဖော်ပြီးပြီဖြစ်လို့ ကျွန်တော်တို့ မနက်ဖြန်ပဲ သွားရောက်ယူဆောင်မှာ ဖြစ်ပါတယ်။ သွားယူပြီးရင်တော့ တွေ့ရှိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေ ဆက်လုပ်မယ်။ အမှုနဲ့ ပတ်သက်ပြီး နီးစပ်တဲ့ အချက်အလက်တွေ ရရှိနိုင်မှာပါ။ ဒီနေ့ကတော့ အမျိုးသားနှစ်ဦးနဲ့ KTV ဆိုင်ကနေ ထွက်သွားတဲ့ ဆိုင်ဝန်ထမ်းဟောင်း မိန်းကလေး သုံးဦးကို ခေါ်ယူပြီးတော့ သတင်းအချက်အလက် ရရှိဖို့ မေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ကိုစိုးမိုးထွန်းရဲ့ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ၊ သတင်းထောက်လှမ်းမှုတွေ နေ့စဉ် လုပ်ဆောင်နေပါတယ်။ အမှုက နီးစပ်မှုဘက်ကို တဖြည်းဖြည်း ရောက်လာပါပြီ။ အမှုမှန် ပေါ်ပေါက်ဖို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းပြီး လုပ်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု မုံရွာမြို့မ ရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်မှာ ဒီဇင်ဘာ ၂၇ ရက်တွင် နှစ်ပတ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်အထိ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဓိက ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ သံသယ ဖြစ်ဖွယ်ရာ လူနှစ်ဦးကိုသာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားနိုင်သည့်အပေါ် မုံရွာမြို့ခံ သတင်းထောက်များနှင့် မြို့ခံများကလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။
Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းမှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းနံဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် မုံရွာမြို့မ ရဲစခန်းတွင် အမှုဖွင့်၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

Most Read

Most Recent