UNFC နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးမှု ချင်းမိုင်တွင် ပြုလုပ်

UNFC နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးမှု ချင်းမိုင်တွင် ပြုလုပ်
Published 27 December 2016
ဇာလီမြင့်ဦး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အလားအလာ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်နေသူများ ဆွေးနွေးသော အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးကို UNFC က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေများအပေါ် ဆွေးနွေး သုံးသပ်ခြင်းဖြစ်ကြောင်းနှင့် မဟာမိတ် အဖွဲ့အစည်းများ ဆွေးနွေးမှုများမှ တစ်ဆင့် အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောကြားထားသည်။
အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ပါဝင် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
UNA အတွင်းရေးမှူးအဖွဲ့မှ ဦးမျိုးကျော်က “UNA နဲ့ UNFC နဲ့က အရင်ကတည်းက မဟာမိတ်ဆက်ဆံရေး ရှိတယ်ပေါ့။ ပုံမှန် UNA ဆွေးနွေးပွဲတွေ လုပ်ရင်လည်း တစ်ဖက်အဖွဲ့တွေကို ခေါ်ပြီး နိုင်ငံရေး ဆွေးနွေးကြတာမျိုး ရှိပါတယ်။ ခုလည်း အဲဒီလိုပါပဲ။ UNFC ရဲ့ အစည်းအဝေးနဲ့အတူ ဒီနိုင်ငံရေးငြိမ်းချမ်းရေး ကိစ္စတွေကို ကျွန်တော်တို့ အဖွဲ့ဝင် ပါတီတွေက ကိုယ်စားလှယ်တွေက သွားရောက် ဆွေးနွေးတာပါ။ လတ်တလော ပြည်ထောင်စုမှာလည်း ငြိမ်းချမ်းရေး ကိစ္စတွေက အရေးကြီးတယ်လေ။ အားလုံးကလည်း တူညီတဲ့ လမ်းကြောင်းတစ်ခု အပေါ်မှာ သွားနေကြတာဆိုတော့ အဲဒီ့အတွက် အကုန်လုံး ညှိနှိုင်းကြတဲ့ သဘောပါ” ဟု ပြောကြားသည်။
အစည်းအဝေး ပထမနေ့တွင် အစိုးရနှင့် ဆွေးနွေးလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ရှိငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်အပေါ် ရှင်းလင်းတင်ပြခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် NCA အကောင်အထည် ဖော်မှုဖြစ်စဉ်၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်များအပေါ် ပြန်လည် သုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တက်ရောက် ဆွေးနွေးလျက်ရှိသည့် နိုင်ငံရေးပါတီနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြောကြားသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် CSO Forum အခန်းကဏ္ဍနှင့် အနေအထား၊ ဒေသတွင်းနှင့် နိုင်ငံတကာအတွင်း မြန်မာ့အရေး လှုပ်ရှားမှု အခြေအနေ၊ တရားရေးမဏ္ဍိုင်နှင့် ဥပဒေပြုပြင် ပြောင်းလဲရေး အခြေအနေ၊ သစ်တောကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ရှေ့အလားအလာ၊ အရပ်ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်းအကျင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေ၊ သယံဇာတ စီမံခန့်ခွဲရေး၊ မြေယာမူဝါဒ စသည့် ခေါင်းစဉ်များအပေါ် ဆွေးနွေးအဖြေရှာသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်သည့် ပတ်ဝန်းကျင်ကောင်းနှင့် အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းကို အမြန်ဆုံး ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုးဖွဲ့ ပါဝင်သည့် UNFC အနေဖြင့် ယခင်ကလည်း နိုင်ငံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များကို မဟာမိတ် အဖွဲ့အစည်းများနှင့် ရံဖန်ရံခါ တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သည်။  

Most Read

Most Recent