ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များတွင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာ လေဆိပ်သစ်တို့ လုပ်ဆောင်ရန် Master Plan များ ရေးဆွဲနေပြီး ၂၀၁၇ ခုနှစ် မတ်တွင် လွှတ်တော်သို့ တင်ပြမည်ဟု ဆို

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များတွင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာ လေဆိပ်သစ်တို့ လုပ်ဆောင်ရန် Master Plan များ ရေးဆွဲနေပြီး ၂၀၁၇ ခုနှစ် မတ်တွင် လွှတ်တော်သို့ တင်ပြမည်ဟု ဆို
ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုသော ဒလမြို့နယ်၏ အစိတ်အပိုင်း နေရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ထက်ရှိုင်း)
ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုသော ဒလမြို့နယ်၏ အစိတ်အပိုင်း နေရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ထက်ရှိုင်း)
Published 27 December 2016
ကျော်ထင်၊ ထက်ရှိုင်း

ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များတွင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာ လေဆိပ်သစ်တို့ လုပ်ဆောင်ရန် Master Plan များ ရေးဆွဲနေပြီး လာမည့် ၂၀၁၇ ခုနှစ် မတ်တွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ “ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းတို့တွင် စိုက်ပျိုးမွေးမြူရေးဇုန်များ၊ အသေးစား စက်မှုဇုန်များ ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်မြို့ရဲ့ လူဦးရေ ခြောက်သန်းကျော် ရှိတဲ့အတွက် အခြေခံ ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေဖို့ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်တွေနဲ့ အသေးစား စက်မှုလက်မှုဇုန်တွေကို တောင်ပိုင်းခရိုင်အတွင်း တည်ထောင်ပေးနိုင်မယ်ဆိုရင် ရန်ကုန်မြို့ပြမှာရှိတဲ့ ပြည်သူလူထုဟာ သီရိမင်္ဂလာဈေးလို၊ ကြည့်မြင်တိုင်ငါးဈေးလို၊ ကြက်ဘဲဈေးလို နေရာတစ်နေရာတည်းကို မှီခိုအားထားရခြင်း မဟုတ်တော့ဘဲနဲ့ အပြိုင်ဈေးကွက်တွေ ပေါ်လာပြီးတော့ ဈေးကွက်စီးပွားရေးစနစ် ပိုပြီး ပီပြင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ရန်ကုန်မြို့လယ်မှာ အခု လမ်းဘေးဈေးသည်တွေကိုလည်း တစ်နည်းအားဖြင့် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့လယ် လာရောက်ရောင်းချနေတဲ့ လမ်းဘေးဈေးသည် အများစုဟာ ဒလမြို့နယ်က ဖြစ်နေပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းတို့ သာမက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ၊ အသေးစား စက်မှုဇုန်များအပြင် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန် အစီအစဉ် ရှိကြောင်း၊ ထို့ပြင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ နိုင်ငံတကာ လေဆိပ်သစ်တို့ကိုလည်း ဆောင်ရွက်ရန်ရှိပြီး ယင်းအတွက် နိုင်ငံခြား အဖွဲ့အစည်း၊ ပညာရှင်များ အကူအညီဖြင့် စီမံကိန်း ပုံစံများ၊ Master Plan များ ရေးဆွဲနေကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။
“ငါးလုပ်ငန်းတွေအတွက် ရေထွက်ပစ္စည်း လုပ်ငန်းအတွက် ရေထွက်ပစ္စည်းကို တောက်လျှောက် ဒီနယ်မြေကနေ တစ်ဆင့် အအေးခန်း စက်ရုံတွေက တစ်ဆင့် တင်ပို့နိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ယခုအခါ နိုင်ငံခြား အဖွဲ့အစည်း၊ ပညာရှင်များ အကူအညီနဲ့ စီမံကိန်း ပုံစံများ၊ Master Plan များ ရေးဆွဲနေပါတယ်။ ထိုအဖွဲ့အစည်း အသီးသီးမှ ရေးဆွဲနေသော Master Plan များကို ၂၀၁၇ ဇန်နဝါရီလကုန်မှာ ပေါင်းစည်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးကာ ပညာရှင်များနှင့် သုံးသပ် လေ့လာပြီးလျှင် ၂၀၁၇ ခုနှစ် မတ်လတွင် လွှတ်တော်သို့ တင်ပြ၍ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
ဒလမြို့နယ်သည် ယခင်အစိုးရ လက်ထက်က အတည်ပြုထားခဲ့ပြီး လက်ရှိ အစိုးရက ဆက်လက် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုတွင်လည်း တစ်ခုအပါအဝင် ဖြစ်နေသည်။
ရန်ကုန်မြို့ကို တိုးချဲ့မည့် မြို့သစ်စီမံကိန်း ခုနစ်ခု အနေဖြင့် ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် ၂၁၇၁၆ ဧက၊ သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် လှည်းကူးမြို့သစ် ၆၉၃၃ ဧကနှင့် စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားခြင်း ဖြစ်သည်။

Most Read

Most Recent