ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် တရားစွဲခြင်းခံထားရသူက သတင်းစာ ရှင်းလင်း

ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် တရားစွဲခြင်းခံထားရသူက သတင်းစာ ရှင်းလင်း
Published 27 December 2016
သက်မင်း

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် တရားစွဲခံထားရသူက ဒီဇင်ဘာ ၂၇ ရက်တွင် City Star ဟိုတယ်၌ သတင်းစာ ရှင်းလင်းခဲ့သည်။
တရားစွဲဆိုခံရသူမှာ ပရဟိတ ခွေးဂေဟာ တည်ထောင်ထားသည့် ဒေါ်မြတ်သက်မွန်ဖြစ်ပြီး ၎င်းမှာ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်မှစ၍ မြသက်မွန် (ခ) သက်သက်ဆိုသော မိန်းကလေးငယ်အား အိမ်အကူအဖြစ် ခေါ်ထားခဲ့ကြောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် သက်သက်မှာ အိမ်တွင်မရှိဘဲ ပျောက်နေသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်သီတာမောင်က စာထုတ်ဆင့်ခေါ်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့ကြောင်း ပြောကြားသည်။
“ဒီကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မသက်ဆိုင်မှန်း သိပေမယ့် ကျွန်မက NLD ခရေဇီဆိုတော့ လေးစားသမှုနဲ့ သွားခဲ့တယ်။ ဟိုရောက်တော့ ကျွန်မကို ဓာတ်ပုံတွေ ဝိုင်းရိုက်ကြတယ်။ ကောင်မလေးက ကျွန်မက နှိပ်စက်တယ်။ ထမင်းမကျွေးဘူး။ လခမပေးဘူးလို့ ပြောတယ်။ ကျွန်မက မဟုတ်ဘူး သေချာမေးကြည့်ပါ။ နောက်ပြီး ရပ်ကွက်မှာလည်း စုံစမ်းကြည့်ပါ။ သူပိုက်ဆံခိုးပြီး ဖုန်းတွေ ဝယ်တယ်။ ပြီးတော့ ထွက်ပြေးတယ်။ ကျွန်မ ရှင်းပြပါ့မယ်လို့ ပြောတာကို လုံးဝလက်မခံလို့ ကျွန်မတို့ စကားများကြတယ်” ဟု ဒေါ်မြတ်သက်မွန်က ပြောကြားသည်။
ဒေါ်မြတ်သက်မွန်က အိမ်အကူမိန်းကလေးအား မေးမြန်းရာ ၎င်းက ပြန်ရှင်းပြပါ့မယ်ဟု ပြောကြားခဲ့ကြောင်း၊ ထို့နောက် ရဲစခန်းသို့ သွားခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များရှေ့တွင် ကြောက်လန့်ပြီး ညာမိသည်ဟု နယ်ထိန်းတစ်ဦးရှေ့တွင် ပြောကြားကြောင်း ဒေါ်မြတ်သက်မွန်က ရှင်းလင်းသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အိမ်အကူမိန်းကလေး မမြသက်မွန် (ခ) သက်သက်လည်း ပါဝင်ပြီး အိမ်ရှင်ပြောကြားသော စကားများမှာ အမှန်ဖြစ်ကြောင်းနှင့် လိမ်ညာမိခဲ့ကြောင်း  သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်မြတ်သက်မွန်က စက်တင်ဘာ ၁၈ ရက်တွင် Facebook အကောင့်၌ ယင်းကိစ္စကို ရေးသားခဲ့ခြင်းဖြစ်ပြီး ထိုသို့သော ရေးသားမှုများကြောင့် ကိုယ်စားလှယ်နှစ်ဦးက တရားစွဲဆိုခြင်း ခံထားရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်မြတ်သက်မွန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ထံ သွားရောက် တွေ့ဆုံခဲ့ကြောင်း ဦးဝင်းထိန်က အကြောင်းကြားပြီးပြီ ဖြစ်သဖြင့် ညှိနှိုင်းဖြေရှင်းရန် ၎င်းကိုပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်မက မမှားတဲ့အတွက် မတောင်းပန်နိုင်ဘူး။ ဒါပေမဲ့ ညှိနှိုင်းဖို့တော့ လုပ်ပါတယ်။ ဒါကြောင့် ဦးသိန်းဇော် တူမကနေတစ်ဆင့် ဦးသိန်းဇော်ကို ဆက်သွယ်ပါတယ်။ ဦးသိန်းဇော်တူမက ပြန်ပြီး ကျွန်မကိုပြောပါတယ်။ ဦးသိန်းဇော်က ညှိနှိုင်းစရာ မရှိဘူး။ ဥပဒေအတိုင်း ဆက်သွားမယ်။ ဖုန်းနံပါတ်လည်း မပေးနဲ့လို့ ကျွန်မကို ပြန်ပြောပါတယ်။ ဒါကြောင့် သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ရတာပါ” ဟု ပြောကြားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်သီတာမောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိဘဲ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၂) ဦးသိန်းဇော်ကမူ  ဘာမှမပြောနိုင်ကြောင်း၊ အဖြေထွက်လာမည် ဖြစ်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

Most Read

Most Recent