FMI ရှယ်ယာ နေ့စဉ် ဈေးနှုန်း ကျဆင်းနေပြီး ရှယ်ယာတစ်စုလျှင် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၁၄၀၀၀ သို့ ရောက်ရှိလာကာ ၁၀ လအတွင်း ရှယ်ယာတန်ဖိုး ၆၅ ရာခိုင်နှုန်းကျော် ကျဆင်း

FMI ရှယ်ယာ နေ့စဉ် ဈေးနှုန်း ကျဆင်းနေပြီး ရှယ်ယာတစ်စုလျှင် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၁၄၀၀၀ သို့ ရောက်ရှိလာကာ ၁၀ လအတွင်း ရှယ်ယာတန်ဖိုး ၆၅ ရာခိုင်နှုန်းကျော် ကျဆင်း
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အခြေအနေအား လာရောက်လေ့လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အခြေအနေအား လာရောက်လေ့လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)
Published 27 December 2016
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာ နေ့စဉ် ဈေးနှုန်း ကျဆင်းမှု ဖြစ်ပေါ်နေပြီး ရှယ်ယာတစ်စု ကျပ် ၁၄၀၀၀ သို့ ရောက်ရှိလာကာ စတော့အိတ်ချိန်းတွင် စတင်ရောင်းချစဉ် အမြင့်ဆုံးဈေး ကျပ် ၄၁၀၀၀ ဖြင့် ချိန်ဆပါက ရှယ်ယာတန်ဖိုး ကျဆင်းမှု ၆၅ ရာခိုင်နှုန်းကျော်အထိ ဖြစ်ပေါ်လာနေကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ဖြစ်ပေါ်နေသည့် ဈေးကွက်ဈေးနှုန်းများအရ သိရသည်။ယခင်က FMI ရှယ်ယာ၏ အနိမ့်ဆုံး ကျဆင်းခဲ့သည့် ရှယ်ယာတစ်စု ဈေးနှုန်းမှာ နိုဝင်ဘာ ၂၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင်မူ ကျပ် ၁၅၀၀၀ သို့ ထပ်မံကျဆင်းခဲ့သည့်အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၄၅၀၀ အထိ ထပ်မံ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့သို့ ရှယ်ယာရောင်းချရက်အတွင်း နေ့စဉ် ဈေးနှုန်းကျဆင်းနေသည့်အပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၅၀၀ ထပ်မံ ကျဆင်းကာ FMI ရှယ်ယာ တစ်စု ကျပ် ၁၄၀၀၀ အထိ ဖြစ်ပေါ်လာနေသည်။ လက်ရှိ ကျဆင်းမှုမှာ ရှယ်ယာတစ်စု၏ မူရင်းတန်ဖိုး ကျပ် ၁၀၀၀ သာရှိသည့် FMI ကုမ္ပဏီ၏ ရန်ကုန်စတော့အိတ်ချိန်းတွင် မဝင်ရောက်မီ ဈေးနှုန်းအောက် ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာ၏ အမြင့်ဆုံး ဈေးနှုန်းမှာ မတ် ၂၉ ရက်နှင့် မတ် ၃၀ ရက်များတွင် ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်သဖြင့် လက်ရှိ ဈေးနှုန်းအရ ရှယ်ယာတန်ဖိုး ကျဆင်းမှု ၆၅ ရာခိုင်နှုန်းကျော် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသည့်နည်းတူ သီလဝါရှယ်ယာသည်လည်း အရောင်းအဝယ်နှင့် ဈေးနှုန်းကျဆင်းနေပြီး ရှယ်ယာတစ်စု အဖြစ်မှ ရှယ်ယာ ၁၀ စု အဖြစ်သို့ ခွဲစိတ်ပြီးနောက် တစ်စု ကျပ် ၅၃၀၀ အထိ မြင့်တက်ခဲ့သည့် သီလဝါရှယ်ယာသည် လက်ရှိ ဒီဇင်ဘာ ၂၃ ရက်မှစကာ ရှယ်ယာတစ်စု ကျပ် ၄၅၀၀ အထိ ဈေးနှုန်းကျဆင်းလာနေသည်။ထိုသို့ ရှယ်ယာများ ဈေးနှုန်းကျဆင်းနေသည့်အပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် လူစိတ်ဝင်စားမှု အနည်းဆုံးဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာသည် ရှယ်ယာတစ်စု ကျပ် ၉၅၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းငြိမ်သက်နေရာမှ ဒီဇင်ဘာ ၂၆ ရက်တွင် ကျပ် ၉၃၀၀ သို့ ကျဆင်းခဲ့သည့်အပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၉၁၀၀ သို့ ထပ်မံ ကျဆင်းခဲ့သည်။ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင် ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ကျပ်ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ် ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။ ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာလတွင် သီလဝါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ် မြင့်တက်မှုမှာ တစ်လသာ ကြာခဲ့ပြီး နိုဝင်ဘာလတွင်မူ အရောင်းအဝယ် ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာလသည် အရောင်းအဝယ် ကျဆင်းမှု အဆိုးဆုံး ဖြစ်ခဲ့ရကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများအရ သိရသည်။

Most Read

Most Recent