၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်း ရပ်ဆိုင်းခဲ့ပြီး ကြိုတင်တိုကင် ရရှိထားသူများကိုလည်း ပါမစ်လျှောက်ခွင့် ပေးတော့မည် မဟုတ်ကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်

၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်း ရပ်ဆိုင်းခဲ့ပြီး ကြိုတင်တိုကင် ရရှိထားသူများကိုလည်း ပါမစ်လျှောက်ခွင့် ပေးတော့မည် မဟုတ်ကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်
Published 23 December 2016
စည်သူအောင်

၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်းအား ရပ်ဆိုင်းခဲ့ပြီး ကြိုတင်တိုကင် ရရှိထားသူများကိုလည်း ပါမစ်လျှောက်ခွင့် ပေးတော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းမော် တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်)၊ အိမ်ထောင်စု ဇယားများဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားရန် သတ်မှတ်ပြီး တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တင်သွင်းခွင့်ပါမစ် လျှောက်ထားရာ၌ ကိုယ်တိုင်အသုံးပြုရန် မဟုတ်ဘဲ အချို့ကုမ္ပဏီ၊ ပွဲစားများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု၊ အိမ်ထောင်စုဇယား အတုများဖြင့်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုဇယား ငှားရမ်း၍ ကျေးရွာများနှင့် ဆင်ခြေဖုံးနေသူများ (ကိုယ်စားလှယ် အမည်ခံ ပုဂ္ဂိုလ်များ) ကို အခကြေးငွေပေး၍ လည်းကောင်း၊ ငှားရမ်းခနှင့် နေ့တွက်စရိတ် ပေး၍လည်းကောင်း ခေါ်ယူပြီး တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားရယူခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၁၆ ခုနှစ်အတွက် သတ်မှတ်ထားသည့် တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက်ထားမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက်တွင် စိစစ်ရန် တင်ပြထားသော အမှုတွဲများကို ပါမစ်ထုတ်ပေးခြင်း မပြုတော့ကြောင်း အသိပေး ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ခဲ့သော်လည်း လာရောက်လျှောက်ထားသူ များပြားခြင်းကြောင့် ဒီဇင်ဘာ ၁၉ ရက်တွင် ကြိုတင်တိုကင်များ ထုတ်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ပါမစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကြိုတင်တိုတင် လက်ဝယ်ရှိသူများကို လူတွေ့တိုက်ဆိုင် စစ်ဆေးမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ယခု ဒီဇင်ဘာ ၂၃ ရက်တွင် ကြိုတင်တိုကင်ရှိသူများကိုပါ ပါမစ်ထုတ်ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
“ဖရီးပါမစ်ပဲ ရပ်လိုက်တာပါ။ ကြိုတင်တိုကင် ၁၀၀၀ ကျော်ကို ပါမစ်လျှောက်ထားခွင့် မပေးတော့ပါဘူး။ ယာဉ်အို ယာဉ်ဟောင်း စလစ်ကတော့ ဆက်ပေးနေပါတယ်” ဟု ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်း မရှိသဖြင့် ဘဏ်တွင်အပ်ထားသောငွေအား ပြန်လည်ထုတ်ယူလိုသူများ အနေဖြင့် လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ ဘဏ်စာအုပ်မူရင်း၊ ကာယယံရှင် လျှောက်လွှာတို့ ပါရှိရမည်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ် လွှဲစာတို့ပါ လိုအပ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
 

Most Read

Most Recent