ဖားကန့်ဒေသထွက် ကျောက်စိမ်းအရိုင်းနှင့် အချောထည်များ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရန်အတွက် ကျောက်မျက်ဈေး တည်ဆောက်ရန် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်) ကြိုးစားနေ

ဖားကန့်ဒေသထွက် ကျောက်စိမ်းအရိုင်းနှင့် အချောထည်များ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရန်အတွက် ကျောက်မျက်ဈေး တည်ဆောက်ရန် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်) ကြိုးစားနေ
ဖားကန့်ရှိ ကျောက်စိမ်းနဂါးကုမ္ပဏီက ဆောင်ရွက်နေသော အချောထည် လုပ်ငန်းခွင်အား တွေ့ရစဉ်
ဖားကန့်ရှိ ကျောက်စိမ်းနဂါးကုမ္ပဏီက ဆောင်ရွက်နေသော အချောထည် လုပ်ငန်းခွင်အား တွေ့ရစဉ်
Published 7 October 2016
အောင်ဟိန်းမင်း

ဖားကန့်ဒေသမှ ထွက်ရှိလာသော ကျောက်စိမ်းအရိုင်းနှင့် အချောထည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ဖားကန့်မြို့၌ ကျောက်မျက်ဈေးတည်ဆောက်ရန် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်) က ကြိုးစားနေကြောင်း သိရသည်။ကျောက်မျက်ဈေး အကောင်အထည် ဖော်နိုင်ပါက ဖားကန့်ဒေသအတွင်း တရားမဝင် ကျောက်မျက်ရောင်းဝယ်မှု လုပ်ငန်းများကြောင့် လေလွင့်ဆုံးရှုံးမှု ဖြစ်နေသော နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေအား ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဝိုင်း၊ ကျောက်မျက်ဈေးများ၊ ပြပွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြင့် ကျောက်မျက်ရတနာဈေးကွက် ဖွံ့ဖြိုးတိုးတက်ပြီး ရောင်းဝယ်ခြင်း လုပ်ငန်းများအား ဥပဒေနှင့်အညီ စည်းကမ်းတကျ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည့်အပြင် ပြည်နယ်အတွက် အခွန်ဘဏ္ဍာ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“ဒီကိစ္စအတွက် ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တကယ်ဆို ဖားကန့်ဒေသဟာ ပင်မကျောက်စိမ်းထွက်ရှိတဲ့ ဒေသကြီးပါ။ အရှေ့တောင်အာရှမှာဆိုလည်း အကြီးဆုံးမိုင်းလို့ ပြောလို့ရပါတယ်။ မိခင် ကျောက်စိမ်းထွက်ရှိတဲ့ ဌာနကြီးဖြစ်ပေမယ့် ပြပွဲတွေက နေပြည်တော်မှာ ဖြစ်နေတာ ရှိတယ်။ နောက် မန္တလေးတို့၊ စစ်ကိုင်းတို့မှာ ဖြစ်နေတာပေါ့ဗျာ။ အခု ဒီမှာက ပျံကျတွေ ရောင်းချနေတယ်။ စနစ်တကျလည်း ဖွဲ့စည်းထားတာ မဟုတ်တော့ အဆင်ပြေသလိုပဲ ရောင်းဝယ်နေကြတာပေါ့” ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်) မှ အတွင်းရေးမှူး ဦးဇော်လေးမြင့်က ပြောကြားသည်။၎င်းက ဆက်လက်၍ “ဆောင်ရွက်တဲ့ နေရာမှာ တရားဝင်ဖြစ်အောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်က လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနနဲ့ ပူးပေါင်းပြီး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဘောင်အတိုင်း လိုင်စင်လေးတွေ လုပ်ပေးမယ်။ အဲဒီလို လိုင်စင်လေးတွေနဲ့ ရောင်းဝယ်ဆောင်ရွက်ကြလို့ရှိရင် ခိုင်မာတဲ့ လုံခြုံမှုရှိပြီး ဒီဒေသမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာမယ်။ ပိုမိုဖွံ့ဖြိုးလာမယ်။ အခွန်ဘဏ္ဍာ ရရှိမှုဟာလည်း ကွာခြားလာမယ်။ အရင်က ကျောက်မျက်ပြပွဲက ရရှိလာတဲ့ အခွန်အခဟာ ပြည်ထောင်စု အစိုးရကို ရောက်သွားပြီး အဲဒီက ရရှိလာတဲ့ အခွန်အခကနေမှ ပြည်နယ်နဲ့ တိုင်းဒေသကို အစိုးရရဲ့ မူဘောင်အတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးတာပေါ့။ ဒီမှာ ရောင်းဝယ်ဖောက်ကားမယ်ဆိုရင် ဒေသရဲ့ အပိုင်းနဲ့ ဖြစ်လာမယ်။ ပြည်နယ်ရဲ့ လက်အောက်ခံပေါ့။ ဒီမှာပဲ တရားဝင် အခွန်ဆောင် လုပ်ကိုင်ခြင်းအားဖြင့် ဒေသအတွက် အခွန်အခတွေ ပိုမိုရရှိမယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားသည်။မြစ်ကြီးနား၊ မန္တလေး၊ စစ်ကိုင်းတို့မှ ကျောက်မျက်အသင်းခွဲများတွင် ကျောက်မျက်ဈေးများ ဖွင့်လှစ်ဆောင်ရွက်ပြီး ဖြစ်သော်လည်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်တွင် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent