နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ် အထိ ပြန်ကျလာပြီး ရွှေဈေး ကျပ် ၈၆၇၀၀၀ ကျော်အထိ ဆက်လက်ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ် အထိ ပြန်ကျလာပြီး ရွှေဈေး ကျပ် ၈၆၇၀၀၀ ကျော်အထိ ဆက်လက်ကျဆင်း
ပုဂ္ဂလိက ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားငွေ လဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပုဂ္ဂလိက ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားငွေ လဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 7 October 2016
စည်သူအောင်

အောက်တိုဘာ ၆ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ် အထိ ပြန်ကျလာပြီး ရွှေဈေးလည်း ကျပ် ၈၆၇၀၀၀ ကျော်အထိ ဆက်လက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်နေသူများထံမှ သိရသည်။အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် စံချိန်တင်ဈေးနှုန်းအဖြစ် ၁၂၈၈ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၄ ရက် ညနေပိုင်း၌ စတင် ကျရိပ်ပြန်ပြခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် ၁၂၆၈ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၅ ရက် နံနက်ပိုင်း တွင် ၁၂၇၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၂၇၉ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီတွင် ၁၂၇၉ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁၂၆၈ ကျပ်အထိ ကျဆင်းလာခြင်း ဖြစ်သည်။တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၁၂၇၀၊ အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ ကျပ်၊ အောက်တိုဘာ ၂ ရက်တွင် ၁၂၇၄ ကျပ်၊ အောက်တိုဘာ ၃ ရက်တွင် ၁၂၈၂ ကျပ်၊ အောက်တိုဘာ ၄ ရက်တွင် ၁၂၈၈ ကျပ်၊ အောက်တိုဘာ ၅ ရက်တွင် ၁၂၈၂ ကျပ်၊ အောက်တိုဘာ ၆ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ကျပ် ၁၂၈၀ ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ကျပ် ၁၂၆၈ ကျပ် ဖြစ်သည်။     နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြလာခြင်းကြောင့် ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ မပြောင်းလဲဘဲ တစ်ဒေါ်လာ ကျပ် ၁၂၆၀ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ တစ်ပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းနှုန်းများမှာ စက်တင်ဘာ ၃၀ ရက်တွင် ၁၂၅၅ ကျပ်၊ အောက်တိုဘာ ၃ ရက်တွင် ၁၂၅၈ ကျပ်နှင့် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျပ် ၁၂၆၀ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။နိုင်ငံခြားငွေလဲနှုန်း ကျဆင်းမှုနှင့်အတူ ကမ္ဘာ့ရွှေဈေးလည်း ဆက်လက်ကျဆင်းလာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၆၇၀၀၀ ကျော်အထိ ကျဆင်းလာပြီး ရွှေဈေးအမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော အောက်တိုဘာ နံနက်ပိုင်းဈေးနှင့် နှိုင်းယှဉ်ပါက နှစ်ရက်အတွင်း ကျပ် သုံးသောင်းခန့် လျော့ကျလာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၆ ရက်တွင် တစ်အောင်စ ၁၂၆၄ ဒေါ်လာအထိ ကျဆင်းလာပြီး အောက်တိုဘာ ၅ ရက် ပျမ်းမျှဈေးထက် ၈ ဒေါ်လာခန့် ဆက် ကျလာခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ကျပ် ၈၇၈၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး တစ်ရက်တာအတွင်း အနိမ့်ဆုံးဈေးမှာ ကျပ် ၈၇၀၈၀၀ ဖြစ်ကာ ကျပ် ၈၇၂၅၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်း ဆက်ကျလာသောကြောင့် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြည်တွင်းရွှေဈေး ကျပ် ၈၆၉၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး တစ်နေ့တာအတွင်း အနိမ့်ဆုံး ဖြစ်ပေါ်သော ဈေးနှုန်းမှာ ကျပ် ၈၆၇၀၀၀ ဖြစ်ပြီး အမြင့်ဆုံး ဈေးနှုန်းမှာ ကျပ် ၈၆၉၀၀၀ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent