ရှယ်ယာရောင်းဝယ်မှု မြင့်တက်စေရန် ရန်ကုန်စတော့အိတ်ချိန်းရှိ သီလဝါရှယ်ယာ တစ်စုကို ၁၀ စုအထိ ခွဲစိတ်မည်

ရှယ်ယာရောင်းဝယ်မှု မြင့်တက်စေရန် ရန်ကုန်စတော့အိတ်ချိန်းရှိ သီလဝါရှယ်ယာ တစ်စုကို ၁၀ စုအထိ ခွဲစိတ်မည်
Published 1 October 2016
ဖြိုးဝေ

ရှယ်ယာရောင်းဝယ်မှု ပမာဏ မြင့်တက်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) ရှိ သီလဝါရှယ်ယာ တစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်မည်ဖြစ်သည့်အတွက် ရှယ်ယာတစ်စု ကျပ် ၁၀၀၀၀ မှ ရှယ်ယာတစ်စု ကျပ် ၁၀၀၀ အဖြစ် ရောက်ရှိသွားမည်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြုလုပ်သည့် ရှယ်ယာမှာလည်း ယခင် ၃၈ သိန်းကျော်မှ ၃၈၉ သိန်းကျော် ရောက်ရှိသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့် MTSH အများပိုင် ကုမ္ပဏီ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။သီလဝါ ရှယ်ယာများကို အများပိုင် ကုမ္ပဏီကြီး ကိုးခုက အဓိက ချုပ်ကိုင်ထားပြီး FMI, Golden Land Asia Development Limited, Myanmar Agribusiness Public Corporation Ltd, Myanmar Agricultural & General Development Public Ltd, Myanmar Edible Oil Industrial Public Corporation Ltd, Myanmar Sugar Development Public Company Ltd, Myanmar Technologies and Investment Corp.Ltd, National Development Company Group Ltd, New City Development Public Company Ltd တို့ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများကိုယ်စား MTSH တွင် အဓိက ပါဝင်နေသူများမှာ ဦးဝင်းအောင်၊ ဦးသိမ်းဝေ၊ ဦးခင်မောင်အေး၊ ဦးညီခင်၊ ဦးသိန်းဟန်၊ ဦးထွန်းလွင်၊ ဒေါက်တာဉာဏ်သစ်လှိုင်၊ ဦးအောင်စိုးသာနှင့် ဦးတင်မောင်လှိုင်တို့ဖြစ်ကာ MTSH ယင်းကုမ္ပဏီ ကိုးခုသည် အစုရှယ်ယာပေါင်း ၁၇၅၅၀၀၀ တိတိ ပိုင်ဆိုင်ပြီး ကုမ္ပဏီ တစ်ခုချင်းစီသည် အစုရှယ်ယာ ၁၉၅၀၀၀ တိတိ ပိုင်ဆိုင်ထားသည်။ အများပြည်သူ ပိုင်ဆိုင်မှု ပမာဏမှာ အစုရှယ်ယာပေါင်း ၂၁၄၅၀၀၀ ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်ခဲ့သည့် ရှယ်ယာမှာ ၃၈၉၂၉၁၅ စု ရှိနေသည်။လက်ရှိတွင် ရှယ်ယာခွဲခြမ်းမှု (Share Split) လုပ်ခဲ့သည့်အတွက် သီလဝါ ရှယ်ယာများကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများနှင့် အစုရှယ်ယာ ပိုင်ဆိုင်ထားသူများ၏ ရှယ်ယာပိုင်ဆိုင်မှုမှာ ၁၀ ဆစီ မြင့်တက်သွားမည်ဖြစ်သည်။ ထိုသို့ မြင့်တက်သွားမည် ဖြစ်သည့်အတွက် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ရှယ်ယာမှာ  ၃၈၉၂၉၁၅၀ စုအထိ ရှိလာမည် ဖြစ်သည်။စက်တင်ဘာ ၃၀ ရက်တွင် အုပ်ချုပ်ရေးနှင့် လူအရင်းအမြစ် ဒါရိုက်တာ ဦးအေးဝင်း လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ရှယ်ယာခွဲခြမ်းမှု ထုတ်ပြန်ချက်တွင် “သာမန်ရှယ်ယာ တစ်စုအား ၁၀ စုအဖြစ်သို့ ရှယ်ယာခွဲခြမ်းခြင်း၊ မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း(စ်)ပက်ဘလစ်လီမိတက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ ကုမ္ပဏီ၏ လက်ရှိသာမန် အစုရှယ်ယာ တစ်စုအား ၁၀ စုအဖြစ်သို့ ရှယ်ယာခွဲခြမ်းခြင်း ပြုလုပ်မည်ကို အဆိုပြုရန် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ ထိုရှယ်ယာခွဲခြမ်းခြင်း ခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့် နေ့ရက်အား သတ်မှတ်ပြီးပါက ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များထံသို့ ထပ်မံအသိပေး ကြေညာပါမည်။ ရှယ်ယာခွဲခြမ်းခြင်း ပြီးဆုံးပြီး စတင်အကျိုးသက်ရောက်သည့် နေ့မှစ၍ ကုမ္ပဏီ၏ ထုတ်ဝေပြီးသော အစုရှယ်ယာ စုစုပေါင်းမှာ ၃၈၉၂၉၁၅ စုမှ ၃၈၉၂၉၁၅၀ စုသို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ရှယ်ယာ တစ်စုချင်းစီ၏ မူရင်းသတ်မှတ် တန်ဖိုးမှာလည်း ကျပ် ၁၀၀၀၀ မှ ကျပ် ၁၀၀၀ သို့ ပြောင်းလဲသွားပါမည်။ စတင် အကျိုးသက်ရောက်သောနေ့ မတိုင်မီ ရှယ်ယာတစ်စု ပိုင်သော ရှယ်ယာရှင်သည် စတင်အကျိုးသက်ရောက်သော နေ့မှစ၍ ရှယ်ယာ ၁၀ စု ပိုင်ဆိုင်သွားမည် ဖြစ်ပါသည်။ ထိုသို့ ခွဲခြမ်းပြီးသော ရှယ်ယာများသည် တစ်ခုနှင့်တစ်ခု ကွာခြားခြင်း မရှိဘဲ တူညီပါသည်။ အဆိုပြုထားသော ရှယ်ယာခွဲခြမ်းခြင်းအတွက် ရှယ်ယာရှင်များမှ ငွေကြေး တစ်စုံတစ်ရာ ထပ်မံပေးသွင်းရန် မလိုအပ်ပါ။ ဒါရိုက်တာ အဖွဲ့မှ ထိုဆုံးဖြတ်ချက်အား ကုမ္ပဏီနှင့် အစုရှယ်ယာရှင်များ အပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံသူများပါ အကျိုးရှိမည်ဟု ယုံကြည်သောကြောင့် အဆိုပြုခြင်း ဖြစ်ပါသည်။ အစုရှယ်ယာ ခွဲခြမ်းလိုက်ပါက ရင်းနှီးငွေနည်းပါးသည့် ပြည်သူများ မိမိရင်းနှီးနိုင်သည့် ပမာဏအလျောက် လွယ်လင့်တကူ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် ကဏ္ဍစုံမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်လာပြီး ရှယ်ယာရောင်းဝယ်မှု ပမာဏ မြင့်တက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆိုပြုထားသော ရှယ်ယာခွဲခြမ်းခြင်းအတွက် အထူးဆုံးဖြတ်ချက်ချမှတ်၍ သင်းဖွဲ့ စည်းမျဉ်းအား ပြင်ဆင်၊ ဖြည့်စွက်ရန် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်မည့် သာမန်ထက် ထူးကဲသော အထွေထွေ အစည်းအဝေးတွင် အစုရှယ်ယာရှင်များ အတည်ပြုချက်အား ရယူမည် ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်နေသည့် FMI ရှယ်ယာများသည်လည်း ကျပ် ၁၀၀၀ တန် ရှယ်ယာများသာ ဖြစ်နေပြီး လက်ရှိတွင် သီလဝါရှယ်ယာများသည် ကျပ် ၄၁၀၀၀ ဝန်းကျင်သာ ရှိနေကာ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာခွဲခြမ်းမှု မပြုသည့် ရှယ်ယာမှာ မြန်မာနိုင်ငံသားများဘဏ်သာ ကျန်ရှိတော့မည်ဖြစ်ရာ ယင်းဘဏ်၏ မူရင်းတန်ဖိုးမှာမူ ရှယ်ယာတစ်စု ကျပ် ၅၀၀၀ ဖြစ်သည်။

Most Read

Most Recent