၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံများမှ ကွန်ဒိုမီနီယမ် တိုက်ခန်းသစ်များ ထွက်ရှိမှု လျော့ကျလာပြီး စီမံကိန်းများ မရေရာမှုနှင့်အတူ ဝယ်ယူသူများ ဈေးကွက်အပေါ် ယုံကြည်မှု လျော့နည်းလာ

၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံများမှ ကွန်ဒိုမီနီယမ် တိုက်ခန်းသစ်များ ထွက်ရှိမှု လျော့ကျလာပြီး စီမံကိန်းများ မရေရာမှုနှင့်အတူ ဝယ်ယူသူများ ဈေးကွက်အပေါ် ယုံကြည်မှု လျော့နည်းလာ
Published 30 September 2016
စည်သူအောင်

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများမှ ကွန်ဒိုမီနီယမ် တိုက်ခန်းသစ်များ ထွက်ရှိမှု လျော့ကျလာပြီး စီမံကိန်းများ မရေမရာဖြစ်မှုနှင့်အတူ ဝယ်ယူသူများ ဈေးကွက်အပေါ် ယုံကြည်မှု လျော့နည်းလာကြောင်း နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International ၏ မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယမ် ဈေးကွက်ဆိုင်ရာ နှစ်ဝက် သုံးသပ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။Colliers က မြန်မာနိုင်ငံရှိ အထပ်မြင့် အဆောက်အအုံ လုပ်ငန်းများ၏ လုပ်ငန်းစီ မံခန့်ခွဲမှု ပုံစံများကို ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန်နှင့် ဝယ်လိုအား တိုးတက်လာစေမည့် မက်လုံးပေးနိုင်သော အရောင်းမြှင့်တင်မှု ပုံစံများ ဆောင်ရွက်ရန် အကြံပြုထားသည်။ပြီးခဲ့သောလများတွင် ဖြစ်ပေါ်ခဲ့သော မူဝါဒ အပြောင်းအလဲများကြောင့် အထပ်မြင့် အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေဖြင့် ၂၀၁၆ နှစ်လယ်အထိ အထပ်မြင့် အဆောက်အအုံများမှ ကွန်ဒိုမီနီယမ် တိုက်ခန်းများ ထွက်ရှိမှု လျော့နည်းခဲ့ရသည်။၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် နှစ်ဝက်အထိ ကွန်ဒိုမီနီယမ်တိုက်ခန်း ၂၅၀၀ ထွက်ရှိခဲ့သော်လည်း ၂၀၁၆ နှစ်ဝက်တွင် အခန်းပေါင်း ၁၆၀၀ သာ ထွက်ရှိခဲ့ရာ ၃၆ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။ စီမံကိန်းအနေဖြင့် ဆိုပါက ၂၀၁၄၊ ၂၀၁၅ ခုနှစ် နှစ်ဝက်တွင် အထပ်မြင့် အဆောက်အအုံ အလုံး ၂၀ ခန့် ဈေးကွက် ဝင်နိုင်ခဲ့သော်လည်း ယခုနှစ်ဝက်တွင် ၁၀ လုံးသာ မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။ယခုအချိန်အထိ မြန်မာနိုင်ငံရှိ တည်ဆောက်ဆဲ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများအရ ၂၀၂၀ ပြည့်နှစ်အထိ ကွန်ဒိုမီနီယမ် တိုက်ခန်း ၁၀၈၀၀ ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ပျမ်းမျှ ၂၁၀၀ ခန့်သာ ရှိမည်ဟု မျှော်မှန်းထားသည်။ Colliers မှ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ အထပ်မြင့် အဆောက်အအုံ စီမံကိန်း အများစုသည် စီမံကိန်း ကာလကို အနည်းဆုံး တစ်နှစ်ခန့် နောက်ဆုတ်လိုက်ရမည်ဖြစ်ပြီး တိုက်ခန်းသစ် ထွက်ရှိမှုလည်း အနည်းငယ်နှောင့်နှေးမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။ကြိုတင်ပေးချေသော စနစ်ဖြင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ဝယ်ယူမှု အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ ခုနှစ်ထက် နှစ်ရာခိုင်နှုန်း လျော့ကျလာပြီး ၂၀၁၇ ခုနှစ်တွင်လည်း ၂၀၁၆ ခုနှစ်ထက် တစ်ရာခိုင်နှုန်း ထပ်မံကျဆင်းမည်ဟု သုံးသပ်ထားသည်။ယခင်အစိုးရ လက်ထက်တွင် ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံ စီမံကိန်းသစ်များ အများအပြား ထွက်ပေါ်ခဲ့ပြီး နှစ်အလိုက် နိုင်ငံတကာ အရည်အသွေးမီ ကွန်ဒိုမီနီယမ် တိုက်ခန်း ထွက်ရှိမှုမှာ ၂၀၁၁ ခုနှစ်တွင် အခန်း ၆၀၀ ခန့်၊ ၂၀၁၂ ခုနှစ်တွင် အခန်း ၉၅၀ ခန့်၊ ၂၀၁၄ ခုနှစ်တွင် အခန်း ၂၆၀၀ ခန့်၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် အခန်း ၄၀၀၀ ခန့်နှင့် ၂၀၁၆ ခုနှစ် နှစ်ဝက်တွင်  အထပ်မြင့်အဆောက်အအုံ စီမံကိန်းများ ဆိုင်းငံ့ခံရခြင်းကြောင့် အခန်း ၁၆၀၀ သာ ထွက်ရှိခဲ့ကြောင်း သိရသည်။Colliers ၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာ အဆင့်မီ ကွန်ဒိုမီနီယမ် တိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၃ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သော အဆင့် ၂၅ ရာခိုင်နှုန်း၊ အရည်အသွေးမြင့် အဆင့် ၄၉ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် နှစ်ဝက်ကာလရှိ တစ်စတုရန်းမီတာ ပျမ်းမျှဈေးနှုန်းများမှာ အလယ်အလတ်တန်းမှာ ၁၆၂၀ ဒေါ်လာ၊ အလယ်အလယ်ထက် အဆင့်မြင့်တန်းမှာ ၂၃၂၀ ဒေါ်လာ၊ အရည်အသွေးမြင့်တန်းမှာ ၂၇၂၀ ဒေါ်လာ၊ ဇိမ်ခံအဆင့်အတန်းမှာ ၄၃၀၀ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent