နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၇၀ အထိ မြင့်တက်လာပြီး ရွှေဈေး ကျပ် ၈၉၆၀၀၀ ခန့်ရှိလာ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၇၀ အထိ မြင့်တက်လာပြီး ရွှေဈေး ကျပ် ၈၉၆၀၀၀ ခန့်ရှိလာ
Published 30 September 2016
စည်သူအောင်

စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၇၀ အထိ မြင့်တက်လာပြီး ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၆၀၀၀ ခန့် ရှိလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၁၂၆၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ၁၂၆၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ဈေးနှုန်းဆက်လက် မြင့်တက်ခဲ့ပြီး ၁၂၇၀ ကျပ်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ကျပ်ဖြစ်ပြီး ၂၄ နာရီအတွင်း ၁၂ ကျပ် မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် ဖြစ်ပေါ်သော လက်ရှိအစိုးရလက်ထက် စံချိန်တင် ငွေလဲနှုန်းဖြစ်သည့် ၁၂၇၀ ကျပ်ကို ပြန်လည်ပြည့်မီလာခြင်း ဖြစ်သည်။စက်တင်ဘာ ၂၉ ရက်တွင် ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြခဲ့သော်လည်း ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဆက်လက် မြှင့်တင်ခဲ့ကာ စက်တင်ဘာ ၃၀ ရက်တွင်လည်း ငါးကျပ်ထပ်မံ မြှင့်တင်ခဲ့သည်။ ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၂၆ ရက်မှစ၍ ငါးရက်ဆက်တိုက် ဆက်လက်တိုးမြှင့်ခဲ့သည်။ စက်တင်ဘာ ၃၀ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းနှုန်းသည် တစ်ဒေါ်လာ ၁၂၅၅ ကျပ်အထိ ရောက်ရှိလာပြီး ပြင်ပဈေးနှုန်းနှင့် ၁၅ ကျပ်ဝန်းကျင် ကွာဟမှုရှိကာ ပြီးခဲ့သည့် တစ်ပတ် သောကြာနေ့တွင် သတ်မှတ်သော ဗဟိုဘဏ်ရည်ညွှန်းနှုန်းနှင့် နှိုင်းယှဉ်ပါက ငါးရက်အတွင်း တစ်ဒေါ်လာ ၂၃ ကျပ်အထိ မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသောကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၉၂၀၀၀ ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၄ နာရီခွဲတွင် ကျပ် ၈၉၅၇၀၀ အထိ ဆက်လက် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးဈေးနှင့် နှိုင်းယှဉ်ပါက ကျပ် ၈၀၀၀ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း  သိရသည်။  

Most Read

Most Recent