ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင် ကုမ္ပဏီသုံးခုက စက်တင်ဘာ တစ်လလုံး ရောင်းချရမှုမှာ ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ ရှိခဲ့ပြီး စတော့အိတ်ချိန်း စတင်ရောင်းချသည့် ခုနစ်လအတွင်း အရောင်းအဝယ်ဖြစ်မှု အဆိုးဆုံးအဖြစ် စံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင် ကုမ္ပဏီသုံးခုက စက်တင်ဘာ တစ်လလုံး ရောင်းချရမှုမှာ ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ ရှိခဲ့ပြီး စတော့အိတ်ချိန်း စတင်ရောင်းချသည့် ခုနစ်လအတွင်း အရောင်းအဝယ်ဖြစ်မှု အဆိုးဆုံးအဖြစ် စံချိန်တင်
Published 30 September 2016
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာပြီး ကုမ္ပဏီသုံးခု ဖြစ်ခဲ့ကာ စက်တင်ဘာတွင် တစ်လလုံး အနေနှင့် ကုမ္ပဏီသုံးခုက အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း YSX စတင်ချိန်မှ ခုနစ်လအတွင်း ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကာ ခုနစ်လအတွင်း အနည်းဆုံး အရောင်းအဝယ် ကျဆင်းမှုအဖြစ် အဆိုးဆုံး စံချိန်တင်ခဲ့ကြောင်း YSX မှ နေ့စဉ်ထုတ်ပြန်သည့်  ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ဆွဲတင်ထားသည့် ဈေးနှုန်းများကြောင့် ယခင် FMI နှင့် သီလဝါရှယ်ယာ ဝယ်ယူထားသူများ အထိနာခဲ့သဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာလည်း လစဉ် ကျဆင်းနေသည်။ မတ်တွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာသည့် မေတွင် ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ကျပ် ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိ စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ်ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။FMI ရှယ်ယာသည် စက်တင်ဘာတွင် တန်ဖိုးအမြင့်ဆုံး ဖြစ်ခဲ့မှုမှာ စက်တင်ဘာ ၁ ရက်နှင့် ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၂၀၀၀၀ ဖြစ်ပြီး အဆိုးဆုံး ဈေးနှုန်းကျဆင်းမှုမှာ ရှယ်ယာတစ်စု ကျပ် ၁၆၀၀၀ အထိ ကျဆင်းခဲ့ကာ အစုရှယ်ယာ အရောင်းအဝယ် ဖြစ်မှုမှာလည်း နေ့စဉ် အစု ၅၀၀၀ အောက်သာ ဖြစ်ခဲ့သည့်အပြင် စက်တင်ဘာ ၁၆ ရက်၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ စသည့် ရက်များတွင် နေ့စဉ် အစုရှယ်ယာ ၁၀၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။သီလဝါရှယ်ယာသည် စက်တင်ဘာတွင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးမှာ ကျပ် ၄၁၀၀၀ ဖြစ်ကာ စက်တင်ဘာ ၁၂ ရက်တွင် တစ်နေ့တာ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ၉၅ စုအထိ ကျဆင်းခဲ့သည့်အပြင် နေ့စဉ် အရောင်းအဝယ် ဖြစ်မှုမှာလည်း အစုရှယ်ယာ ၂၀၀၀ အောက်သာ ရှိနေခဲ့သည်။မြန်မာနိုင်ငံသားများဘဏ်၏ စက်တင်ဘာ အမြင့်ဆုံး ဈေးနှုန်းမှာ ရှယ်ယာတစ်စု ကျပ် ၁၃၅၀၀ ဖြစ်ပြီး အနိမ့်ဆုံး ဈေးနှုန်းမှာ အဖွင့်ဈေးအောက်ဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၇၆၀၀ ဖြစ်သည်။ စက်တင်ဘာ ၁ ရက်တွင် အစုရှယ်ယာ ၉၀၀၀ ကျော်အထိ အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်တွင် ၁၁၉ ရှယ်ယာသာ အရောင်းအဝယ် ဖြစ်သည့်အထိ ကျဆင်းခဲ့ကာ ကျန်ရက် အများစုတွင်လည်း အစုရှယ်ယာ ၂၀၀၀ အောက်သာ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။FMI နှင့် သီလဝါရှယ်ယာများ ယခင်က နေ့စဉ် ကျပ်ဘီလျံနှင့်ချီ အရောင်းအဝယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၃ ရက်တွင် ကျပ်သိန်း ၃၇၀ ကျော်ဖြင့် စတော့အိတ်ချိန်း စတင်ချိန်အတွင်း ဈေးကွက် အရောင်းအဝယ် ဖြစ်ပေါ်မှု အနည်းဆုံး အခြေအနေ ရောက်ရှိခဲ့ကာ သြဂုတ် ၁၈ ရက်တွင် ၄၃၇ သိန်းကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ နေ့များမှာ အရောင်းအဝယ်ဖြစ်ပေါ်မှု အနည်းဆုံး ဖြစ်ခဲ့သည်။   

Most Read

Most Recent