ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် ရင်းနှီးမတည်ငွေများ နည်းပါးခြင်းကြောင့် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရန် သင်ဖြူးဖျာ လုပ်ငန်းရှင်များ အခက်တွေ့

ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် ရင်းနှီးမတည်ငွေများ နည်းပါးခြင်းကြောင့် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရန် သင်ဖြူးဖျာ လုပ်ငန်းရှင်များ အခက်တွေ့
Published 24 September 2016
မင်းသူဝင်းထွဋ်

ပန်းတနော်မြို့၏ ဒေသထွက်ကုန် တစ်ခုဖြစ်သော မြန်မာ့ရိုးရာ သင်ဖြူးဖျာလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့ရိုးရာ သင်ဖြူးဖျာများကို နိုင်ငံတကာမှ မှာယူမှုများ ရှိသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် ရင်းနှီးမတည်ငွေများ နည်းပါးခြင်းများကြောင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရန်မှာ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။ကျွမ်းကျင်လုပ်သားများ နည်းပါးလာပြီး လူငယ်အများစုမှာ သင်ဖြူးဖျာ ရက်လုပ်ခြင်း လုပ်ငန်းအား စိတ်ပါဝင်စားမှုများ မရှိသောကြောင့် လုပ်သားသစ်များ ရရှိရန်မှာ ခက်ခဲမှုများ ရှိနေကြောင်း၊ သင်ဖြူးဖျာလုပ်ငန်းမှာ အမြတ်ငွေ နည်းပါးခြင်းကြောင့် လုပ်သားများအား လုပ်ခလစာ ကောင်းမွန်စွာဖြင့် အချိန်ပေး သင်ကြားပေးနိုင်မှုမှာလည်း ခက်ခဲလျက် ရှိကြောင်း၊ နိုင်ငံတကာမှ မြန်မာ့သင်ဖြူးဖျာအား ဟိုတယ်ကြီးများနှင့် ခန်းမများတွင် အသုံးပြုနိုင်ရန်အတွက် မှာယူမှုများ ရှိနေသော်လည်း လုပ်သားနည်းပါးခြင်းကြောင့် အရေအတွက်များစွာ ပို့ဆောင်နိုင်ခြင်း မရှိဘဲ ရင်းနှီးမတည်ငွေ လိုအပ်ချက်များကြောင့်ပါ လုပ်ငန်းများ ချဲ့ထွင်နိုင်ကြခြင်း မရှိဘဲ ရိုးရာလုပ်ငန်းတစ်ခု ကွယ်ပျောက်မည်ကိုပါ စိုးရိမ်နေရလျက်ရှိကြောင်း သိရသည်။“အစ်မတို့ဆီကို နိုင်ငံခြားကနေ အထူးအော်ဒါမှာတာတွေ ရှိတယ်။ ခန်းလုံးပြည့် ခင်းဖို့ မှာတာတွေလည်း ရှိတယ်။ အရေအတွက် နည်းတာကျတော့ လုပ်ပေးနိုင်တယ်လေ။ အများကြီး ကွန်တင်နာတစ်လုံးစာ မှာတာမျိုးကျတော့ မလုပ်ပေးနိုင်တော့ဘူး။ လုပ်သားက အရမ်းရှားနေတာ။ အခုနောက်ပိုင်းမှာ လူငယ်တွေက ငွေအရနည်းတဲ့ သင်ဖြူးဖျာကို မလုပ်ချင်တော့ဘူး။ သင်ဖြူးဖျာဆိုတာ ရိုးရာ လုပ်ငန်းတစ်ခုလည်း ဖြစ်တယ်။ ရာသီအချိန်မရွေး အသုံးပြုလို့ရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာလည်း ဖြစ်တာကြောင့် ဒီလုပ်ငန်းက ပျောက်ပျက်သွားမှာတော့ မဟုတ်ပေမယ့် လုပ်ငန်းတိုးချဲ့ဖို့ ဆိုတာလည်း ခက်ခဲပါတယ်” ဟု ပန်းတနော်မြို့ တက်နေလင်း သင်ဖြူးဖျာ အရောင်းဆိုင်မှ ဒေါ်တင်တင်ခိုင်က ဆိုသည်။သင်ဖြူးဖျာများမှာ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ထားပြီး နှစ်ယောက်အိပ် အကြမ်းတစ်ချပ်လျှင် ကျပ် ၁၃၀၀၀ ဝန်းကျင်၊ ခုတင်ခင်း နှစ်ယောက်အိပ် အချောတစ်ချပ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်နှင့် နှစ်ယောက်အိပ် အနုစိတ် အချောတစ်ချပ်လျှင် ကျပ် ၂၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

Most Read

Most Recent