အဖွင့်ဈေး ကျပ် ၂၆၀၀၀ အောက် ငါးလကြာ ရောက်ရှိနေသည့် FMI ရှယ်ယာတစ်စု ကျပ် ၁၆၀၀၀ အထိ ဆိုးရွားစွာ ကျဆင်းနေ

အဖွင့်ဈေး ကျပ် ၂၆၀၀၀ အောက် ငါးလကြာ ရောက်ရှိနေသည့် FMI ရှယ်ယာတစ်စု ကျပ် ၁၆၀၀၀ အထိ ဆိုးရွားစွာ ကျဆင်းနေ
Published 22 September 2016
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် FMI ရှယ်ယာ အဖွင့်ဈေး ကျပ် ၂၆၀၀၀ အောက်သို့ ငါးလကြာေ ရာက်ရှိနေသည့် FMI ရှယ်ယာတစ်စု ကျပ် ၁၆၀၀၀ အထိ ဆိုးရွားစွာ ကျဆင်းလာနေကြောင်း YSX တွင် နေ့စဉ် ဖြစ်ပေါ်နေသည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များအရ စက်တင်ဘာ ၂၂ ရက်တွင် သိရသည်။YSX တွင် FMI ရှယ်ယာ အနိမ့်ဆုံး ကျဆင်းခဲ့သည့် ကနဦးဈေးနှုန်းမှာ ကျပ် ၁၉၀၀၀ ဖြစ်ပြီး ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၁၂ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၈၅၀၀ အထိ ကျဆင်းလာသည့်အပြင် စက်တင်ဘာ ၁၉ ရက်တွင်လည်း ဈေးနှုန်းကျဆင်းမှု ထပ်မံဖြစ်ပေါ်ခဲ့ကာ ရှယ်ယာတစ်စု ကျပ် ၁၈၀၀၀ အထိ ဈေးနှုန်း ကျဆင်းမှု ဆိုးဆိုးရွားရွား ဖြစ်လာခဲ့သည်။ ထိုသို့ ကျဆင်းနေရာမှ စက်တင်ဘာ ၁၇ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၀၀၀ ထပ်မံပြုတ်ကျကာ ရှယ်ယာတစ်စု ကျပ် ၁၇၀၀၀ သာ ရှိနေပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် အရွေးချယ် မခံရမီက ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းဖြစ်သည့် ကျပ် ၁၅၀၀၀ အနီးသို့ ရောက်ရှိလာကာ စက်တင်ဘာ ၂၂ ရက်တွင်မူ ရှယ်ယာတစ်စု ကျပ် ၁၆၀၀၀ သာ ဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်ခဲ့သည်။ကျပ် ၁၀၀၀ တန် ရှယ်ယာများအား ရန်ကုန်စတော့အိတ်ချိန်းတွင် တင်ကာ အရောင်းအဝယ် ပြုလုပ်နေသည့် FMI ရှယ်ယာများသည် လက်ရှိတွင် မူရင်းဈေးထက် ၁၆ ဆတွင် ရှိနေသည့်အတွက် ဈေးနှုန်းတန်းတစ်ခု ရှိနေသေးသော်လည်း ကျပ် ၁၅၀၀၀ အနီးသို့ ထပ်မံကျဆင်းနိုင်ကြောင်း ဈေးကွက်အတွင်း ဝယ်ယူသူများက သုံးသပ်သည်။FMI ရှယ်ယာသည် မေ ၁၆ ရက်တွင် အဖွင့်ဈေး ကျပ် ၂၆၀၀၀ အောက် ကနဦး ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်အတွင်း မတ် ၂၅ ရက်တွင် စတင်ရောင်းချသည့် ကျပ် ၃၁၀၀၀ အထိ ဖြစ်ပေါ်ခဲ့သော်လည်း  ယင်းနေ့ နောက်ပိုင်းမှ စတင်ကာ ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်တွင်မူ ကျပ် ၁၆၀၀၀ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ထို့ပြင် ကျပ် ၁၃၅၀၀ အထိ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင် အဖွင့်ဈေးအောက် ကျပ် ၇၆၀၀ သို့ ပထမဆုံး ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် (MCB) ရှယ်ယာမှာလည်း စက်တင်ဘာ ၁၉ ရက်တွင် အဖွင့်ဈေးဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၇၈၀၀ သို့ ရောက်ရှိခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်တွင်မူ ကျပ် ၈၄၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၂၁ ရက်တွင် အဖွင့်ဈေး ကျပ် ၈၃၀၀ နှင့် အပိတ်ဈေးတွင် ကျပ် ၈၁၀၀ ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင်မူ ကျပ် ၈၂၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။FMI ရှယ်ယာ တစ်ရက်တာအတွင်း အနည်းဆုံး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့မှုမှာ သြဂုတ် ၁၁ ရက်တွင် အဖွင့်ဈေး အပိတ်ဈေး နှစ်ခု၌ ကျပ် ၂၀၀၀၀ ဖြင့် ၈၃၉ စု၊ သြဂုတ် ၁၈ ရက်တွင် ၉၂၁ စုဖြင့် အနိမ့်ဆုံး ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ဖြစ်ခဲ့ပြီး စက်တင်ဘာလတွင်မူ စက်တင်ဘာ ၁၆ ရက်တွင် ရှယ်ယာ တစ်စု ကျပ် ၁၈၅၀၀ ဖြင့် ၁၈၃၇ စု အရောင်းအဝယ် ဖြစ်ခဲ့သည်။အဆိုပါ ဈေးနှုန်းပြုတ်ကျနေမှုများနှင့် ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက “စတော့အိတ်ချိန်းက ဆွဲတင်လို့ရတဲ့ဌာန မဟုတ်ဘူး။ ရောင်းလိုအား ဝယ်လိုအား အပေါ်မှာ မူတည်ပြီး ဖြစ်နေတာ” ဟု ပြောကြားသည်။FMI ရှယ်ယာသည် စက်တင်ဘာ ၂၀ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၁၇၀၀၀၊ MCB ရှယ်ယာတစ်စု အဖွင့်ဈေးတွင် ကျပ် ၈၃၀၀၊ အပိတ်ဈေးတွင် ကျပ် ၈၄၀၀၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၆၆၄၁ စုမှ ကျပ်သိန်း ၁၄၀၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။စက်တင်ဘာ ၂၁ ရက်တွင် FMI ရှယ်ယာ တစ်စုလျှင် အဖွင့်ဈေး ကျပ် ၁၇၀၀၀ နှင့် အပိတ်ဈေး ကျပ် ၁၆၅၀၀၊ MCB ရှယ်ယာ တစ်စု အဖွင့်ဈေးတွင် ကျပ် ၈၃၀၀၊ အပိတ်ဈေးတွင် ကျပ် ၈၁၀၀၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၆၉၆၉ စုမှ ကျပ်သိန်း ၁၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။စက်တင်ဘာ ၂၂ ရက်တွင်မူ FMI ရှယ်ယာ တစ်စုလျင် ကျပ် ၁၆၀၀၀၊ MCB ရှယ် ယာတစ်စု အဖွင့်ဈေးတွင် ကျပ် ၈၂၀၀၊ အပိတ်ဈေးတွင် ကျပ် ၈၃၀၀၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၇၁၁၆ စုမှ ကျပ်သိန်း ၁၃၀၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။အဆိုပါ ဈေးနှုန်းပြုတ်ကျနေမှုများနှင့် ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက စတော့အိတ်ချိန်းမှာ ဈေးနှုန်း ဆွဲတင်၍ ရသည့် ဌာန မဟုတ်ဘဲ ရောင်းလိုအား ဝယ်လိုအား အပေါ် မူတည်၍ အရောင်းအဝယ် ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

Most Read

Most Recent