လူငယ် သုံးဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားချက်ဖြင့် မြေပုံမြို့မှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်နေ မောင်ခင်မောင်မြင့် (ခ) ဘတ်ထီးအောင် (၃၀ နှစ်) ခန့် (ဘ) ဦးခင်မောင်သိန်း၊ အောင်ဆန်းမိုး (၂၃ နှစ်) ခန့် (ဘ) ဦးခင်သောင်းအောင်နှင့် မောင်အေးကျော် (၂၅ နှစ်)ခန့် (ဘ) ဦးအောင်ချစ်စိန်တို့အား ရွှေပျောက်ဆုံးမှုတစ်ခုအတွက် မသင်္ကာဖွယ်အဖြစ် သတ်မှတ်ကာ ဇူလိုင် ၁၈ ရက်က မြေပုံမြို့နယ် ရဲစခန်းမှ ခေါ်ယူသွားခဲ့ပြီးနောက် စခန်းတွင် ချုပ်နှောင်ထားကာ ရိုက်နှက်မေးမြန်းမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက “သူတို့ကို ဆေးရုံတင်ထားရတယ်လို့ သိရတဲ့အတွက် ကျွန်တော်ကိုယ်တိုင် သွားပြီး မေးမြန်းခဲ့တယ်။ ပေါင်မှာလည်း ဒဏ်ရာတွေ များတယ်။ လိင်တန်ကိုလည်း ဓာတ်ဆီဆွတ်ပြီး ဖယောင်းတိုင် အစက်ချတယ်လို့ ဆိုတယ်။ ရေပိုက်လုံးတွေ၊ တာယာကြိုးတွေနဲ့ ရိုက်နှက်တယ်လို့ ပြောတယ်။ အဲဒီလို ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့တဲ့အတွက် အခုဆိုရင် ခရိုင်မြို့နယ်ရဲမှူးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနေရာထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ မနေ့ကလည်း လူငယ်သုံးဦးကို စစ်ဆေးတယ်။ ဒီနေ့လည်း ရဲစခန်းက တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ သိရတယ်”ဟု ပြောကြားသည်။
အဆိုပါ ရိုက်နှက်ခံရသည့် လူငယ်သုံးဦးအနက် နှစ်ဦးမှာ စစ်တွေပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး လက်ရှိတွင် မိမိနေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက “အဲဒီ လူငယ်သုံးဦးကို ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆိုတဲ့အတွက် အခုဆိုရင် ခရိုင်ရဲမှူးက လာရောက်စစ်ဆေးနေပါတယ်။ ဒဏ်ရာရသွားတာတော့ ဟုတ်တယ်။ ကျွန်တော်လည်း အခြားကိစ္စတွေနဲ့ အလုပ်များနေတာကြောင့် အသေးစိတ်တော့ မသိဘူး။ ကျွန်တော်ကိုလည်း စစ်ဆေးပါတယ်။ အဲဒီလူငယ်တွေထဲက နှစ်ယောက်ကတော့ သင်္ဘောဆိပ်မှာ ကူလီထမ်းတယ်။ နောက်တစ်ယောက်ကတော့ ငါးတွေ ဘာတွေ ရှာရောင်းတယ်။ အဓိက ကတော့ မြို့လယ်ပိုင်းမှာ ရွှေပျောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မသင်္ကာဘူးဆိုလို့ ခေါ်သွားတာပါ။ ဒဏ်ရာရအောင် လုပ်တယ်ဆိုတဲ့အတွက် ပြည်နယ်ကို တိုင်တန်းခဲ့တယ်လို့လည်း သိရပါတယ်”ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒဏ်ရာရရှိခဲ့သော လူငယ် သုံးဦးတို့မှာ မြေပုံဆေးရုံတွင် သုံးရက်ခန့် ကုသမှုခံယူခဲ့ပြီး ဇူလိုင်၂၅ ရက်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ပြသကာ ကုသမှုခံယူခဲ့ကြောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့သို့ ဇူလိုင်၂၃ ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ လူငယ်သုံးဦးမှာ မိမိနေအိမ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူစစ်ဆေးမှုများကိုလည်း ခံယူလျက်ရှိကြောင်း သိရသည်။
လူငယ် သုံးဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း တိုင်ကြားချက်ဖြင့် မြေပုံမြို့မှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိ