မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး စုံညီစွာ တက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကြေညာချက်ထုတ်ပြန်

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး စုံညီစွာ တက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကြေညာချက်ထုတ်ပြန်
Published 25 July 2016
အောင်ဇော်ထွန်း

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁  ရာစု ပင်လုံအကြိုပြင်ဆင်ရေးလုပ်ငန်းများတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်တိုး ပါဝင်လာနိုင်ရေးကို အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုအခြေခံ၍ ပေါ်ပေါက်လာသည့် ၂၁ ရာစုပင်လုံသို့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုံညီစွာ တက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင် ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
 
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်  သတ်မှတ်ထားသည်။
 
ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ခြောက်ဦးပါဝင်သည့် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မိုင်ဂျာယန်သို့ သွားလာရေးအစီအစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အစိုးရ၊  တပ်မတော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံသို့ တင်ပြ၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
 
မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးကို မျှော်ရည်၍ ငြိမ်းချမ်းရေးကော်မရှင်သည် အကြိုပြင်ဆင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်၌  NCA လက်မှတ်ထိုးထားပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသောအဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း ဖိတ်ကြားပြီးဖြစ်ကြောင်း၊ ထို့ပြင် NCA တွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသေးသည့် အချက်များကိုလည်း ဆွေးနွေးညှိနှိုင်းရန် ဆောင်ရွက်လျက်ရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ဇူလိုင် ၁၁ ရက်က ဖွဲ့စည်းခဲ့ရာ ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်အား တာဝန်ပေးအပ်ခဲ့သည်။
 
ငြိမ်းချမ်းရေးကော်မရှင်၏ တာဝန်များမှာ NRPC က ချမှတ်ထားသည့် မူဝါဒတွေကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့ရေးဆောင်ရွက်ရန် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင့်တော်သော အကြံပြုချက်များ ရှာဖွေဖော်ထုတ်၍ NRPC သို့တင်ပြရန်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်ဆက်တည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် NRPC ကိုယ်စား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ဖြစ်သည်။

Most Read

Most Recent