နှစ်ပေါင်း ၇၀ နီးပါး စစ်မီးကြောင့် မည်သည့်ဘက်မှ အကျိုးမဖြစ်ခဲ့ဘဲ ပြည်သူများ ဒုက္ခရောက်ခဲ့ကြရ၍ ငြိမ်းချမ်းရေး ရရှိရေးအတွက် တန်းတူညီတူ အပြန်အလှန် အသိအမှတ်ပြုပြီး ညှိနှိုင်းအဖြေရှာရန် UNFC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြား

နှစ်ပေါင်း ၇၀ နီးပါး စစ်မီးကြောင့် မည်သည့်ဘက်မှ အကျိုးမဖြစ်ခဲ့ဘဲ ပြည်သူများ ဒုက္ခရောက်ခဲ့ကြရ၍ ငြိမ်းချမ်းရေး ရရှိရေးအတွက် တန်းတူညီတူ အပြန်အလှန် အသိအမှတ်ပြုပြီး ညှိနှိုင်းအဖြေရှာရန် UNFC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြား
Published 1 July 2016
အောင်ဇော်ထွန်း

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ နီးပါး စစ်မီးကြောင့် မည်သည့်ဘက်မှ အကျိုးမဖြစ်ခဲ့ဘဲ ပြည်သူများ ဒုက္ခရောက်ခဲ့ကြရ၍ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် တန်းတူညီတူ အပြန်အလှန်  အသိအမှတ်ပြုပြီး ညှိနှိုင်းအဖြေရှာရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် UNFC ကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ်က ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသော UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ - ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ကော်မတီတို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ကျင်းပခဲ့စဉ် ဦးခူဦးရယ်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး အတူတကွ ပိုင်ဆိုင်ပြီး အတူတကွ တည်ဆောက်ခဲ့ကြသည့်အတွက် အားလုံးသာတူညီမျှ ပိုင်ဆိုင်ကြသည်ဟု ခံယူကြောင်း၊ တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု အမှန်တကယ် ပေါ်ပေါက်ရေးအတွက် အတူတကွ လက်တွဲပြီး မလွဲမသွေ ပါဝင်ရမည့် တာဝန်ရှိသည်ဟု ခံယူထားကြောင်း ဦးခူဦးရယ်က ဆိုသည်။
ဆက်လက်၍ ဦးခူဦးရယ်က "ကျွန်တော်တို့ အနေနဲ့ တကယ်တန်း ဒီတိုင်းပြည်ထဲမှာ စိတ်မကောင်းစရာကတော့ ကံမကောင်း အကြောင်းမလှလို့ ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ လွတ်လပ်ရေး ရပြီးကတည်းက စစ်မီးတောက်လောင်ခဲ့တာ ဆိုလို့ရှိရင် နှစ်ပေါင်း ၇၀ နီးပါး ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီတော့ နှစ်ပေါင်း ၇၀ နီးပါး ရှည်ကြာခဲ့တဲ့ စစ်မီးတောက်လောင်မှုကို အခုမှ ဖြေရှင်းဖို့ ကြိုးစားခဲ့သလား ဆိုတော့မဟုတ်ဘူး။ ကျွန်တော်တို့အရင် ကြိုးပမ်းခဲ့ကြတယ်။ ကြိုးပမ်းခဲ့ကြတဲ့ သမိုင်းတွေလည်း ရှိခဲ့ပါတယ်" ဟု ဆိုသည်။
သို့ရာတွင် ဖြစ်ရှိနေသည့် ပြဿနာ၏ အရင်းခံ အကြောင်းတရားများကို ရှာဖွေရာနှင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများ မှန်ကန်မှုမရှိ၍ လက်ရှိအချိန်ထိ ပြဿနာကို အဖြေမရှာ နိုင်သေးကြောင်း၊ ပြဿနာတိုင်းတွင် အဖြေရှိသည် ဆိုသည်ကို ယုံကြည်ကြောင်း၊ ထို့ကြောင့် လက်ရှိ ဖြစ်နေသော ပြဿနာများကို နည်းမှန်လမ်းမှန် စိတ်ရင်းစေတနာ ရှေ့ထားပြီး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဖြင့် အရှိကို အရှိအတိုင်း လက်ခံကာ စိတ်ရှည်သည်းခံပြီး အဖြေရှာ မည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို မကြာမီ အနာဂတ်ကာလတွင် တွေ့မြင်စံစားရမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ဦးခူဦးရယ်က "ပြန်ပြောပြရမယ်ဆိုရင် ဒီစစ်မီးကြောင့် ကျွန်တော်တို့ ဘယ်သူ့ ဘယ်သူမှ အကျိုးမဖြစ် ခဲ့ကြပါဘူး။ ပြည်သူတွေကသာ အတိဒုက္ခ ရောက်ခဲ့ကြရတယ်။ တိုင်းပြည်ချွတ်ခြုံ ကျဆင်းပြီးတော့ ဆင်းရဲမှု ကြုံတွေ့ခဲ့ကြရတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အဖြေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ဘယ်သူကမှ ကြီးသည် ငယ်သည် မဟုတ်ဘဲ သာစေနာစေ မဟုတ်ဘဲ  တန်းတူ ညီတူအောက်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားအသိအမှတ် ပြုပြီးတော့ စားပွဲဝိုင်းမှာ ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာကို အဖြေရှာမယ်ဆိုရင် မလွဲမသွေ ဧကန်မုချ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ ပေါ်ကို ပေါ်ပေါက်ရမယ်လို့ ကျွန်တော်ယုံကြည် ထားတယ်ဆိုတဲ့ အကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်" ဟု ၎င်းကပြောကြားသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLd ပါတီကို ကြိုဆိုကြောင်း၊ NLD ပါတီက ဦးဆောင်၍ အစိုးရဖွဲ့ပြီး တိုင်းပြည်၏ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်သည့်အခါ တပ်မတော်ဘက်က ပေးအပ်သည့် တာဝန်ကို ဆက်လက်ပြီး အစိုးရနှင့်အတူ ဝန်းရံပြီး ဆက်လက်တာဝန် ထမ်းဆောင်သည်ကို တွေ့ရသည့်အတွက် ကြိုဆိုကြောင်း ဦးခူဦးရယ်က ပြောကြားသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းကလည်း UNFC ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ဝင်တစား နားထောင်ကြောင်း၊ သူမ၏ မူဝါဒဖြစ်သည့် ကိုယ့်ဘက်က ဘာလိုချင်သည် ဆိုတာထက် ဘာပေးဆပ်ရမလဲ ဆိုသည့်အတိုင်း တိုင်းရင်းသားများ၏ လိုအပ်ချက်ကို သိထားရန်နှင့် ဖြည့်ဆည်းပေးရန်အတွက် အဓိကထား မေးမြန်းကြောင်း၊ အားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့် ငြိမ်းချမ်းရေးကိစ္စ ပြည်သူလူထု အကျိုးရှိမည့် ကိစ္စများအား ဘယ်လိုလုပ်ကြမလဲ ဆိုသည်များကို ဆွေးနွေးရန် လမ်းညွှန်ကြောင်း ပြောကြားသည်။
ယခု ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ  ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြပြီး UNFC ကိုယ်စားလှယ်အဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သိလိုသည်များကို မေးမြန်းရာ အစိုးရ ကိုယ်စားလှယ်အဖွဲ့က ရှင်းပြခဲ့ကြောင်း သိရသည်။    
                                             

Most Read

Most Recent