ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က အယ်လ်နီညို ရာသီဥတုကြောင့် စံချိန်တင် အမြင့်ဆုံး အပူချိန်များနှင့် တွေ့ကြုံခဲ့ရသည့် မြန်မာနိုင်ငံအတွက် ယခုနှစ်တွင်လည်း အယ်လ်နီညိုအတွက် သတိပြုရတော့မည် ဖြစ်သည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း အားအကောင်းဆုံး ဖြစ်ခဲ့သည့် အယ်လ်နီညိုမှာ ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်အထိ မြန်မာနိုင်ငံ အနေဖြင့် သတိပြုရမည်ဖြစ်သည်။ ယခုနှစ် နွေရာသီသည် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပုံမှန်ထက် ပိုမို ပူပြင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မူလထက် ပိုမိုပူပြင်းရန် ရာခိုင်နှုန်း ၇၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ သေချာမှုရှိပြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် မူလထက် ပိုမိုပူပြင်းရန် ရာခိုင်နှုန်း ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိကြောင်း တရားဝင် ထုတ်ပြန်ထားသည်။ အယ်လ်နီညို ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ဖူးသော ၂၀၁၀ ပြည့်နှစ်က မန္တလေးမြို့တွင် စံချိန်တင် အမြင့်ဆုံး အပူချိန်အဖြစ် ၄၅ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံမြို့တွင် ၄၆ ဒသမ ၅၊ ညောင်ဦးတွင် ၄၅ ဒသမ ၂ နှင့် မြင်းမူမြို့တွင် ၄၇ ဒသမ ၂ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ဖူးသည်။ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ သမုဒ္ဒရာများ၏ အပူစုပ်ယူမှုသည် ပိုမို များပြားလာကြောင်း၊ ကမ္ဘာ၏ သုံးပုံ နှစ်ပုံခန့်အထိရှိသော သမုဒ္ဒရာများသည် လူသားတို့ကြောင့် ထွက်ပေါ်လာသည့် ဖန်လုံအိမ် အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များကြောင့် ဖြစ်ပေါ်သည့် ပိုလျံ အပူပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို စုပ်ယူကြကြောင်း၊ ယင်းကဲ့သို့ အပူစုပ်ယူမှု အရှိန်မြင့်လာခြင်းသည် လူတို့ နေထိုင်ရာ နေရာများကို အေးမြအောင် ကူညီမှု ပေးနိုင်သော်လည်း ရေရှည်တွင် ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ အခြေအနေနှင့် ရာသီဥတု ဖြစ်စဉ်များကို ထိခိုက်ပျက်ဆီးစေသည့် ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ လေ့လာစမ်းစစ်ချက်များအရ သမုဒ္ဒရာများ၏ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အပူစုပ်ယူမှုသည် ယင်းကာလ မတိုင်မီ နှစ်ပေါင်း ၁၃၀ အတွင်း စုပ်ယူမှု ပမာဏလောက် များပြားနေကြောင်းလည်း ထုတ်ပြန်ထားသည်။အယ်လ်နီညို ဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှု လျော့နည်းတတ်ခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကာ ပူပြင်းခြောက်သွေ့မှုနှင့်အတူ ရေရှားပါးခြင်း၊ စိုက်ပျိုးရေ ရရှိရေး၊ သောက်သုံးရေ ပြဿနာများကို သတိပြုရမည်ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ အပါအဝင် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား အသုံးပြုနေရသည့်အတွက် လျှပ်စစ်မီး ရရှိရေး စသည့် ကဏ္ဍများတွင် သက်ရောက်မှုများ ရှိလာနိုင်သည်။ ထို့အတွက် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် ကာလများက အယ်လ်နီညို ဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်းနှင့် စံချိန်တင် အပူချိန်များကို ရင်ဆိုင်ခဲ့ရသည့် သာဓကများ ရှိခဲ့သောကြောင့် ယခုတစ်ကြိမ်တွင် အယ်လ်နီညို ဖြစ်စဉ်အတွက် ပိုမိုစနစ်ကျသော ကြိုတင်ကာကွယ်ရေး အစီအမံများ စနစ်တကျ လုပ်ဆောင်ထားရန် လိုအပ်မည်ဖြစ်ပါသည်။လတ်တလောတွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက လိုအပ်သော သတင်းထုတ်ပြန်ပေးခြင်းများ ပြုလုပ်လျက်ရှိပြီး မိုးလေဝသ ပညာရှင်များကလည်း လိုအပ်သော သတိပေးမှုများ ပြောကြားနေပြီဖြစ်သည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကလည်း လိုအပ်သော ကူညီကာကွယ်ရေး အစီအမံများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။သို့သော် မြန်မာနိုင်ငံတွင် သဘာ၀ ဘေးအန္တရာယ်နှင့် ဆိုးရွားသော ရာသီဥတု ဖြစ်စဉ်များ၏ သက်ရောက်မှုဒဏ်ကို တွေ့ကြုံခဲ့ရဖူးသည့် အနေအထားများအရ အမှန်တကယ် ထိရောက်၍ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် ပိုမိုစနစ်ကျသော အစီအမံများ အလေးထား ပြုလုပ်ထားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
- (ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








