ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေးလာသူများ စီးနင်းလာသည့် ထော်လာဂျီ ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် သံဃာတော်တစ်ပါး အပါအဝင် လေးဦးသေဆုံးခဲ့ရကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ မီးမပါသော ထော်လာဂျီ ယာဉ်ဖြင့် ထွက်ပြေး တိမ်းရှောင်ကြခြင်း ဖြစ်ပြီး ညပိုင်းမှောင်နေချိန်တွင် ကျောက်မဲမြို့နှင့် ၂၂ မိုင် အကွာခန့်ရှိ နေရာ၌ တောင်စောင်းအောက်ခြေ ချောက်ထဲသို့ ထိုးဆင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ သက်တော် ၇၀ အရွယ် သံဃာတော် တစ်ပါးနှင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး၊ ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြရသည်။ ယခုကဲ့သို့ အဖြစ်မျိုးမှာ မငြိမ်းချမ်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများထဲမှ ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ယင်းကဲ့သို့သော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ မည်မျှများပြားနေပါသနည်း။ရှမ်းပြည်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခသည် စခန်း ၁၇ ခုထိ တိုးမြှင့်ထားရသည်။ ထွက်ပြေး တိမ်းရှောင်နေရသူများထဲတွင် သံဃာတော်များ၊ ကျောင်းသားကျောင်းသူများ၊ ကလေးငယ်များ၊ မွေးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်များ၊ မီးဖွားပြီးခါစ မီးနေသည် မိခင်များ၊ သက်ကြီးရွယ်အိုများ စသည်ဖြင့် ပါဝင်နေရာ အခက်အခဲ ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ရက်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပြီး နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြပါရန် အပါအဝင် အချက်ခြောက်ချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ "အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို မတရား ဖမ်းဆီးပိတ်ပင် ခြိမ်းခြောက်နှိပ်စက်နေသည့် လုပ်ရပ်များအပေါ် အပြင်းအထန် ရှုတ်ချပြီး ထိုလုပ်ရပ်များကို အမြန်ရပ်တန့်ပေးရန်၊ ရှမ်းပြည်နယ်တွင် နေထိုင်သော တိုင်းရင်းသားလူမျိုး အချင်းချင်းအကြား ယုံကြည်မှုများ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်ရေးကို ထိခိုက်စေသော လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်သော လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် အပြစ်မဲ့ ပြည်သူများ၏ လူမှုဒုက္ခများကို စာနာသောအားဖြင့် နှစ်ဖက်တပ်များ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အမြန်ဆုံး အဖြေရှာကြရန်" စသည်ဖြင့် တောင်းဆိုထားသည်။ဖေဖော်ဝါရီ ၁၆ ရက်က ပြည်သူ့လွှတ်တော်တွင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ရှမ်းပြည်နယ် မြောက်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်တွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် ဖြေရှင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို တင်သွင်းခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်တို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်၍ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခများကြောင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အပါအဝင် ဒေသခံ ထောင်ချီ၍ နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုမှ သံဃာတစ်ပါး အပါအဝင် လူအချို့ကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း၊ ထို့ပြင် ညောင်ပင်လှကျေးရွာ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးကိုလည်း ယနေ့တိုင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း၊ လူနေအိမ် သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအဆို ဆက်လက် ဆွေးနွေးရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ၊ ကြားနေသူ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ ထို့အတွက် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။ထို့အပြင် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဖိတ်ခေါ်ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်း၊ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ ဆောင်ရွက်ရမည်ဟု လုပ်ငန်းတာဝန်များကို သတ်မှတ်ထားသည်။နှစ်ပေါင်းများစွာ အာဏာရှင် စနစ်ဆိုးများ၏ ဒဏ်ကို ခါးစည်းခံခဲ့ရသော မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ လူထုအနေဖြင့် 'နူရာဝဲစွဲလဲရာ သူခိုးထောင်း' ဆိုသကဲ့သို့ ကြိမ်ဖန်များစွာ မခံစားရစေရန် သတိပြု ကာကွယ်ပေးသင့်ပါသည်။ မည်သည့်နိုင်ငံရေး စနစ်၊ မည်သည့် စီးပွားရေးစနစ် စသည်ဖြင့် မည်သို့သော စနစ်ကောင်းများ ရွေးချယ် တည်ဆောက်ကြသည် ဖြစ်စေ နောက်ဆက်တွဲ အဆိုးများကို ရင်ဆိုင်ရမည့် မြေစာပင် ပြည်သူများ အရေးကို ငဲ့ညှာ စာနာပေးကြပါရန် The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီလ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








